ရှေ့သို့
Image

ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ် ဆွတ်ခူးသွားမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ အိုဇေးလ်

9:10 PM, 20 April

ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ကွာတားဖိုင်နယ်အဆင့်မှာပဲ နုတ်ထွက်ခဲ့ရပြီးနောက်မှာတော့ အိုဇေးလ်က ဒီနှစ် ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်ကပဲ ဆွတ်ခူးသွားမယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။ 


မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့တွေ့ဆုံသွားရမှာဖြစ်သော်လည်း ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အလားအလာအရှိဆုံးအသင်းဖြစ်တယ်လို့ အိုဇေးလ်က ယူဆနေတာဖြစ်ပါတယ်။ 


အခြားတစ်ဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့က စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ကို အသီးသီးဖြုတ်ချပြီး ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အီတီဟတ်တိုက်ပွဲနဲ့ ပတ်သက်ပြီး အိုဇေးလ်က “ဒီပွဲက ကတယ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ မန်စီးတီးက ဘာကြောင့် သူတို့ကို အခြားအသင်းတွေက ကြောက်ရွံ့ရသလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ သူတို့တွေ ပွဲချိန်ပြည့် တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့တာပါ။ ဒါပေမယ့် မက်ဒရစ်ကလည်း သူတို့ရဲ့ ပုံစံအတိုင်းပဲ ထက်မြက်တဲ့ကစားပုံနဲ့ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က ဆုဖလားရဖို့ ဖြစ်နိုင်ချေအရှိဆုံးပါပဲ။ သူတို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဒီရာသီမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဂျုဒ်ဘင်လင်ဟမ်နဲ့ပတ်သက်ပြီးတော့လည်း အာဆင်နယ်ကွင်းလယ်လူဟောင်းက “သူ့ရဲ့ပထမရာသီဝက်က မယုံနိုင်စရာကောင်းခဲ့ပြီး လူတိုင်းကို ဆွံ့အစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာ သူပင်ပန်းနေပုံပေါက်ပေမယ့် ဒီနှစ်မှာ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ယူရို ၂၀၂၄ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ဘော်လွန်းဒီအော်ဆုအတွက် မျှော်လင့်လို့ရပါပြီ။ ဒါပေမယ့် သူအရမ်းငယ်နေသေးတာကတော့ မယုံနိုင်စရာပါပဲ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 


ဆက်လက်ပြီး အိုဇေးလ်က “အီတီဟတ်မှာ ကစားခဲ့တဲ့ပွဲမှာ နောက်ထပ်ချီးကျူးစရာက ဟာလန်းပါ။ ဟာလန်းက ပွဲကိုတစ်ချိန်လုံး စောင့်ကြည့်နေပြီး အခွင့်အရေးကို ရှာနေပါတယ်။ ပြီးတော့ နာချိုကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားပေမယ့် တိုနီခရူးစ်ကြောင့် ခက်ခဲခဲ့ပါတယ်။ ဟာလန်းက ကမ္ဘာ့အဆင့်တိုက်စစ်မှူးပါ။ အမှားအရမ်းနည်းပါတယ်။ ဒါပေမယ့် တိုနီရဲ့ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုက မယုံနိုင်စရာပါပဲ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ။ 

#မန်စီးတီး #အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်