ရှေ့သို့
Image

ဂျေဆင်ဝယ်‌လ်ကော့ဇ်ကို နည်းစနစ်ဒါရိုက်တာအဖြစ်ခန့်အပ်ကြောင်း အတည်ပြုလိုက်တဲ့ ယူနိုက်တက်

9:08 PM, 20 April

မန်ချက်စတာယူနိုက်တက်ဟာ ဆောက်သမ်တန်ရဲ့ နည်းစနစ်ဒါရိုက်တာဟောင်း ဂျေဆင်ဝယ်လ်ကော့ဇ်ကို အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ 


အသက်-၅၃ နှစ်အရွယ်ရှိ ဝယ်လ်ကော့ဇ်ဟာ ယခုလအစောပိုင်းမှာ ဆောက်သမ်တန်ကနေ ထွက်ခွာလာပြီးနောက် သိပ်မကြာခင်မှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ ချက်ချင်းလက်ငင်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 


အခုလို နည်းစနစ်ဒါရိုက်တာနေရာကို ဝယ်လ်ကော့ဇ်အား ပေးအပ်ခဲ့ခြင်းမှာ ယူနိုက်တက်အား တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ပြီးနောက် ပြောင်းလဲမှုတွေ တောက်လျှောက်ပြုလုပ်နေဆဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ 


ယူနိုက်တက်က "ဝယ်လ်ကော့ဇ်နဲ့အတူ စွမ်းဆောင်ရည်အမြင့်ဆုံး စံချိန်စံညွှန်းတွေရရှိဖို့ နည်းပညာနယ်ပယ်များနဲ့ပါ ပူးပေါင်း‌‌ဆောင်ရွက်မှုတွေပြုလုပ်သွားမယ်" လို့တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


ဆောက်သမ်တန်အသင်းနဲ့ လက်မတွဲခင် ဘလက်ဘန်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုင်‌မြှောက်ခဲ့ဖူးတဲ့ ဝယ်လ်ကော့ဇ်ဟာ ယူနိုက်တက်ပြိုင်ဘက် မန်စီးတီးမှာ အကယ်ဒမီဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ 


အခုလို ဝယ်လ်ကော့ဇ်ရဲ့ ယူနိုက်တက်နဲ့ ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး ဆောက်သမ်တန်ဘက်က သူတို့အသင်းနဲ့ ၉ လကြာသာ လက်တွဲခဲ့တဲ့အတွက် ဝမ်းနည်းမိကြောင်းနဲ့ အနာဂတ်မှာ အောင်မြင်မှုရပါစေကြောင်း ဆုတောင်းစကားဆိုခဲ့ပါတယ်။ 


ယခုလအစောပိုင်းမှာကတည်းက ဆောက်သမ်တန်နည်းပြ ရက်ဆဲလ်မာတင်က ယူနိုက်တက်ထံသို့ အပြောင်းအရွှေ့ကြီးကြီးမားမား တစ်ခုဖြစ်ပေါ်တော့မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ ရက်ဆဲလ်က "ရိုးရိုးသားသားပြောရရင်တော့ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်သွားရင် အထိခိုက်ဆုံးလူကကျွန်တော်ဖြစ်မှာပါ။ အခုချိန်အထိတော့ တရားဝင်ရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။ ဒါပေမယ့် တကယ်ဖြစ်လာခဲ့ရင်လည်း ကောင်းမွန်တဲ့ဆန္ဒနဲ့ပဲ ဆုတောင်းပေးပါမယ်။ သူက ဒီကလပ်ရဲ့‌ လေ့ကျင့်ရေးကွင်းတစ်ဝိုက်က ခံစားချက်တွေကို ပြောင်းလဲရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်ပေးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဆောက်သမ်တန် #ပရီးမီးယားလိဂ်