ရှေ့သို့
Image

မန်စီးတီးလည်း အမှတ်လျော့ဦးမယ်လို့ ယုံကြည်မှုရှိနေတဲ့ ကလော့ပ်

10:23 AM, 20 April

လီဗာပူးအသင်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ဖလားလိုချင်တယ်ဆိုရင် ရာသီကုန်အထိ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့အပတ်က နှစ်သင်းစလုံးရှုံးခဲ့ပြီးနောက် မန်စီးတီးကို ဇယားထိပ်ကနေ ဖယ်ပေးလိုက်ရပါတယ်။


ကြာသပတေးညက အတ္တလန္တာနဲ့ပွဲမှာ comebackမလုပ်နိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ကိုသာ အာရုံစိုက်ရတော့မှာပါ။

ကလော့ပ်က "ကျွန်တော်တို့ ဒီလိုအဆင့်မှာ ရပ်တည်ခဲ့တုန်းက ရာသီကုန်မှာ လိဂ်ဖလားမရခဲ့ပါဘူး။ ကျွန်တော်တို့ တစ်မှတ်လောက်နဲ့ကပ်ပြီး ကျန်ခဲ့တာပါပဲ။ ကျွန်တော်တို့ ဇယားထိပ်မှာ ရပ်တည်နိုင်ပေမယ့် ဖလားမရခဲ့ပါဘူး။ အဲ့ဒါက အဓိက ခြားနားချက်မဟုတ်ပါဘူး။


အသင်းကောင်းတစ်သင်းဖြစ်ပြီး အခြားအသင်းတွေအတွက် ပြဿနာဖြစ်စေနိုင်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ပြီးပြည့်စုံခြင်းဆိုတာနဲ့ အနီးစပ်ဆုံးရှိရမှာဖြစ်ပြီး ကြားထဲက အတားအဆီးတွေကိုလည်း ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့လည်း အခု အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။


ကျွန်တော်တို့သာ လက်ကျန်ပွဲအားလုံးကို နိုင်ခဲ့ရင် ချန်ပီယံဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင်တော့ အခြားအသင်းက ချန်ပီယံဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ၅ပွဲပဲ နိုင်ဖို့လိုပေမယ့် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိပါဘူး။ အာဆင်နယ်က ဗီလာကိုရှုံးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကျွန်တောတို့ ဆက်သွားရမှာဖြစ်ပြီး ကျွန်တော် ကြိုက်တဲ့အဝေးကွင်းပွဲစဉ်တွေမဟုတ်ပေမယ့် ဒီလိုပဲဖြစ်လာပါတယ်။


ကျွန်တော်တို့ကတော့ စီးတီးက ပွဲအားလုံးနိုင်မှာပဲကွာဆိုပြီး တွေးနိုင်ပေမယ့် သူတို့လည်း ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ကစားရမှာပါပဲ။ အဲ့ဒီအကြောင်းကို ကျွန်တော်တို့ မစဉ်းစားပါဘူး။ သူတို့အကြောင်း မတွေးထားပါဘူး။ ကျွန်တော်တို့ နိုင်ပွဲဘယ်လိုပြန်ရှာမယ်ဆိုတာပဲ အဖြေရှာရမှာပါ။ "လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ပရီးမီးယားလိဂ်