ရှေ့သို့
Image

အာဆင်နယ်ကို အနိုင်ကန်နိုင်ခဲ့လို့ ဝမ်းသာမှုကို မဖုံးကွယ်နိုင်ဖြစ်နေတဲ့ အဲရစ်ဒိုင်ယာ

9:38 AM, 19 April

တော့တင်ဟမ်ကနေ အငှားလာကစားနေတဲ့ အဲရစ်ဒိုင်ယာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကိုအနိုင်ကန်နိုင်ခဲ့လို့ ဝမ်းသာမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဘိုင်ယန်ဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒိုင်ယာဟာ ဇန်နဝါရီတုန်းက တော့တင်ဟမ်ကနေ ဘိုင်ယန်ကိုအငှားလာကစားနေတာဖြစ်ပြီး ဂျာမန်မြေမှာ အသင်းဖော်ဟောင်း ကိန်းနဲ့အတွဲညီနေတာဖြစ်ပါတယ်။ “သူတို့ (အာဆင်နယ်)ကို အနိုင်ကန်နိုင်ခဲ့တာက ကောင်းပါတယ်။ အရိုးသားဆုံးပြောတာပါ။ ဒီအသင်းအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကွာတားဖိုင်နယ်အတွေ့အကြုံက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့လို့ အရမ်းပျော်မိပါတယ်”လို့ ဒိုင်ယာက ပြောကြားခဲ့ပါတယ်။ 

ပွဲအပြီးမှာလည်း ကိန်းက “တကယ့်ကိုမယုံကြည်နိုင်စရာနိုင်ပွဲပါ။ ဒီရာသီက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ရာသီပါ။ ကျွန်တော်တို့ အကြိမ်တော်တော်များများတိုက်ခိုက်ခဲ့တာပါ။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကျွန်တော်တို့မတူညီတာလုပ်နိုင်မယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရယူချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်သားဟာ ဘိုင်ယန်အတွက် ၁၇ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက်ခွင့်ရရှိထားခဲ့ပါတယ်။ “ကျွန်တော့်အတွက် ဒီလိုအသင်းမျိုးမှာကစားခွင့်ရတာက ဂုဏ်ယူစရာပါ။ ဒီလိုအသင်းမျိုးအတွက်ကစားပေးခွင့်ရတာက တကယ့်ကိုဂုဏ်ယူစရာပါ။ အချိန်တိုင်း ကျွန်တော်ပါဝင်ကစားချင်ပါတယ်။ ဒီအကျီကိုဝတ်ဆင်ရတာ ထူးခြားပါတယ်။ ကျွန်တော်အများကြီးမတွေးပါဘူး။ ဒါပေမယ့် ဒီမှာရှိနေတာကို ပျော်ပါတယ်။ ဒီအသင်းကိုချစ်ပါတယ်။ ကျွန်တော်အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ”လို့ ဒိုင်ယာက ပြောကြားခဲ့ပါတယ်။ 

ဘိုင်ယန်ဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် အခြားတစ်ဖက်မှာ စီးတီးကိုကျော်ဖြတ်လာတဲ့ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒိုင်ယာက ရီးရဲလ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ “သူ(ဘယ်လင်ဟမ်)က ရီးရဲလ်အသင်းမှာ ကြီးမားတဲ့ရာသီတစ်ခုကိုဖြတ်သန်းနေတာပါ။ သူ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ သူက  တကယ်ကောင်းတဲ့ကစားသမားပါ။ ဒေါ့မွန်ကနေ ရီးရဲလ်ကို သူရဲရင့်စွာပြောင်းရွှေ့ခဲ့ပါတယ်။ သူက သူ့အရည်အချင်းကို သူသိပါတယ်။ သူ့ကစားသမားဘဝအတွက် အရမ်းကောင်းတဲ့အပြောင်းအရွှေ့ပါ”လို့ ဒိုင်ယာက ထပ်လောင်းပြောကြားခဲ့ပါတယ်။


#အာဆင်နယ် #အဲရစ်ဒိုင်ယာ #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်