ရှေ့သို့
Image

တန်ဟက်နေရာမှာ အစားထိုးခန့်အပ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဒီဇာဘီနဲ့ ဂရေဟမ်ပေါ်တာ

2:38 PM, 18 April

လက်ရှိ ခေတ်‌သစ်ဘောလုံးလောကရဲ့ နာမည်ကြီးနည်းပြ ၂ ဦးဖြစ်တဲ့ ရော်ဘတ်တိုဒီဇာဘီနဲ့ ဂရေဟမ်ပေါ်တာတို့ဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ 


တန်ဟက်လက်အောက် ဒုတိယရာသီအဖြစ် လက်ရှိရာသီမှာ ယူနိုက်တက်ဟာ ပုံစံကောင်းရဖို့ အတော်လေးရုန်းကန်နေရတာကြောင့် ရာသီကုန်မှာ နယ်သာလန်သားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အလားအလာများနေတာဖြစ်ပါတယ်။ 


ဒီရာသီမှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေပဲလ လက်ပြနှုတ်ဆက်ခဲ့ရတဲ့အပြင် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၇ နေရာမှာရပ်တည်နေပြီး ဂိုးကွာခြားချက်က အနုတ်လက္ခဏာဆောင်နေပါတယ်။ 


ဒါ့အပြင် နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာလည်း တန်ဟက်ရဲ့အသင်းဟာ ၁ ပွဲသာအနိုင်ရရှိထားတာကြောင့် ရာသီကုန်မှာဆိုရင်တော့ အဆင့် ၅ နေရာရရှိရေးအတွက်ပင် မသေချာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။


ဒါကြောင့် အသင်းပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြောင်းလဲမှုတွေ အများအပြားပြုလုပ်နေတဲ့ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာတော့ နည်းပြအပြောင်းအလဲအထိပါ ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။ 


လက်ရှိအချိန်မှာတော့ တန်ဟက်နေရာမှာ အစားထိုးမယ့် နည်းပြသစ် ဆန်ခါတင်စာရင်းမှာ ဂရေဟမ်ပေါ်တာနဲ့ ရော်ဘတ်တိုဒီဇာဘီတို့က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ 


လက်ရှိအချိန်မှာတော့ ဒီဇာဘီဟာ ဂရေဟမ်ပေါ်တာရဲ့ ဘရိုက်တန်ကို အကောင်းဆုံးဦးဆောင်ထားနိုင်ပြီး ဥရောပြိုင်ပွဲတွေအထိပါ ပို့ဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ အီတလီသားကို နည်းပြအဖြစ်ခန့်အပ်မယ်ဆိုရင်တော့ လျော်ကြေးငွေအဖြစ် ဘရိုက်တန်ကို ပေါင် ၁၅ သန်းခန့်သာပေးချေသွားရမှာလည်းဖြစ်ပါတယ်။ 


ဂရေဟမ်ပေါ်တာကလည်း လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတာကြောင့် တန်ဟက်ကို ထုတ်ပယ်ခဲ့ပါက ယူနိုက်တက်အနေနဲ့ အချိန်မရွေး‌ဆွဲခန့်နိုင်တာလည်းဖြစ်ပါတယ်။ တန်ဟက်ကတော့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျော်ကျန်ရှိနေသေးပြီး ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင်တော့ လျော်ကြေးငွေ ပေါင် ၈ သန်းခန့်ရရှိသွားမှာဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ပရီးမီးယားလိဂ်