ရှေ့သို့
Image

မန်စီးတီးကို အနိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်က ဘယ်တော့မှ မသေဆုံးဘူးလို့ ကြွေးကြော်လိုက်တဲ့ အန်ဆယ်လော့တီ

2:23 PM, 18 April

ယနေ့နံနက်က ယှဉ်ပြိုင်ပွဲခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက သူ့ရဲ့အသင်းဟာ ဘယ်တော့မှမသေဆုံးဘူးလို့ ကြွေးကြော်လာခဲ့ပါတယ်။ 


ယခုပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း အရှုံးအနိုင်အဖြေမပေါ်ဘဲ ၁-၁ ဆိုတဲ့ သရေရလဒ်သာထွက်ပေါ်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်အနေနဲ့လည်း ၄-၄ ဆိုတဲ့ ရလဒ်ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက် ပင်နယ်တီမှာတော့ ရီးရဲလ်မက်ဒရစ်က ၄-၃ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ 


ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက "ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးစသွင်းခဲ့ပေမယ့် ပြန်လည်ချေပခံခဲ့ရလို့ ခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ကာကွယ်မှုတွေ အများကြီးပြုလုပ်နိုင်ခဲ့ပါတယ်" 

"ကျွန်တော်တို့ ဒီရာသီမှာ တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ပုံစံတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ဖူးပါပြီ။ အသင်းက မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြထားနိုင်တာပါ။ ပင်နယ်တီမှာ အသာရမယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားတွေက အသင်းကို အနစ်နာခံပြီး ပေးဆပ်နေတာပါ။ အရမ်းသဘောကျမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 


အန်ဆယ်လော့တီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ အာဆင်နယ်ကို ကျော်ဖြတ်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လာမယ့် တနင်္ငနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အရေးပါတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ လက်ခံကစားသွားရဦးမှာဖြစ်ပါတယ်။


ဆက်လက်ပြီး အန်ဆယ်လော့တီက "ကျွန်တော်တို့မှာ ထိခိုက်ဒဏ်ရာရထားတာမရှိပါဘူး။ တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင် အဆင်သင့်ဖြစ်နေမှာပါ။ ကျွန်တော်တို့ ကောင်းကောင်းအနားယူသွားပါမယ်။ လူတိုင်းက ရီးရဲလ်မက်‌ဒရစ်ကို သေဆုံးပြီလို့ ထင်မှတ်ထားကြပေမယ့် ကျွန်တော်တို့အသင်းက ဘယ်တော့မှမသေဆုံးပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ