ရှေ့သို့
Image

အာဆင်နယ်ကို အနိုင်ရခဲ့တာ မယုံနိုင်စရာကောင်းတယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဟယ်ရီကိန်း

2:21 PM, 18 April

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ရဲ့အသင်းရဲ့ ယနေ့နံနက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ကို အနိုင်ရခဲ့တာက မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်မှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 


ဘိုင်ယန်မြူးနစ်ဟာ ကွင်းလယ်လူ ဂျိုရှူးဝါးကင်းမစ်ချ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့အတူ အာဆင်နယ်ကို ၁-၀ နဲ့အနိုင်ရခဲ့ပြီး ၂ ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ လန်ဒန်ပြိုင်ဘက်တွေအဖြစ် အာဆင်နယ်နဲ့ မကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရဖူးတဲ့ ဟယ်ရီကိန်းနဲ့ အဲရစ်ဒိုင်ယာတို့အတွက် ချိုမြိန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ 


ကိန်းက “ဒီနိုင်ပွဲက မယုံနိုင်စရာပါပဲ။ ဒီရာသီက ကျွန်တော်တို့အတွက် အလွန်ခက်ခဲတဲ့ရာသီပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်နေပေမယ့် ကျရှုံးမှုတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ပရိသတ်တွေအတွက် ကွဲပြားတဲ့အောင်ပွဲတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။ ကင်းမစ်ချ်ရဲ့ဂိုးကလည်း တကယ်ကောင်းပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပြီဆို‌တော့ ကျွန်တော်တို့ပျော်သင့်တယ်လို့ထင်ပါတယ်”


“ဒီလိုပွဲမျိုးတွေက အထူးသဖြင့် ပထမပိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ထင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အရှိန်မမြှင့်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ကိုကျော်ဖြတ်နိုင်ဖို့တော့ ခက်ခက်ခဲခဲကြိုးပမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကမျှော်လင့်ချက်ကတော့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ပါပဲ။ ကျွန်တော်တို့ လိဂ်ဖလားကို ၁၁ နှစ်ဆက်တိုက်ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာတော့ ဒီထက်ပိုပြီးရှင်သန်နိုင်ရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ၁၁ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သော်လည်း ဒီနှစ်မှာတော့ လေဗာကူဆင်က အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကိုကျော်ဖြတ်ကာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

#ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်