ရှေ့သို့
Image

ရော်နယ်ဒိုကို ပေါင် ၈.၃ သန်းပေးချေသွားရမယ့် ဂျူဗင်တပ်စ်

2:16 PM, 18 April

ဂျူဗင်တပ်စ်ဟာ အသင်းရဲ့ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒို အသင်းမှာကစားစဉ်က ကိုဗစ်ကာလအတွင်း လစာပေးချေဖို့ပျက်ကွက်ခဲ့တာကြောင့် ယခုအခါမှာတော့ လျော်ကြေးအဖြစ် ပေါင် ၈.၃ သန်းပေးချေသွားရမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 


အဆိုပါလျော်ကြေးကို ရရှိဖို့အတွက် ရော်နယ်ဒိုဘက်က တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဂျူဗင်တပ်စ်က အမှုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ကိုဗစ်ကာလအတွင်း ဂျူဗင်တပ်စ်ထံကနေ စုစုပေါင်း ပေါင် ၁၇ သန်းအထိ လစာရဖို့ပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။ 

ကိုဗစ်ကာလတုန်းက ဂျူဗင်တပ်စ်ကစားသမားတွေဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ၄ လကြာ ၂၀၂၀ ခုနှစ် မတ်လအထိ လစာရွှေ့ဆိုင်းဖို့သဘောတူခဲ့ကြပါတယ်။ အီတလီသတင်းစာတွေအရ ဂျူဗင်တပ်စ်ဟာ အဆိုပါ ပျက်ကွက်မှုကို လစာညှိနှိုင်းမှု အခြေအနေလို့ ခေါင်းစဉ်တပ်ခဲ့ကြောင်းနဲ့ ကစားသမားတစ်ယောက်ချင်းစီရဲ့ လုပ်ခလစာများကို အစီရင်ခံဖို့ပျက်ကွက်ခဲ့ကြောင်း ဖော်ထုတ်လာခဲ့တာဖြစ်ပါတယ်။ 


ယခုအခါမှာတော့ ရော်နယ်ဒိုကို လစာပေးဖို့ပျက်ကွက်ခဲ့တဲ့ ဂျူဗင်တပ်စ်ကို ခုံသမာဓိရုံးက အရေးယူတဲ့အနေနဲ့ လစာရဲ့ ၁ ဝက်တိတိကိုပေးချေဖို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုပျက်ကွက်မှုအတွက် ရော်နယ်ဒိုမှာလည်း တာဝန်ရှိတယ်လို့ယူဆခဲ့တာကြောင့် တရားရုံးက အပြည့်ပေးချေစေဖို့ ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။ 


အသက်-၃၉ နှစ်အရွယ်ကစားသမားဟာ ဂျူဗင်တပ်စ်မှာ ၃ ရာသီကြာကစားခဲ့ပြီး ၁၃၄ ပွဲမှာ စုစုပေါင်း ၁၀၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဝါရင့်တိုက်စစ်မှူးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအတွက် ကစားနေပြီး မကြာသေးမီက အယ်လ်ဟီလယ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကြမ်းတမ်းတဲ့အပြုအမူကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ 


ရော်နယ်ဒိုဟာ ပထမပိုင်းမှာ အဝါကတ်ပြသခံထားခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ အယ်လ်ဟီလယ်ကစားသမား အလီကို တံတောင်စာကျွေးခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအနီကတ်ဟာ ဘောလွန်းဒီအော်  ၅ ဆုရှင်ကစားသမားရဲ့ ပထမဆုံး ဆော်ဒီလိဂ်အနီကတ်ဖြစ်လာခဲ့ပါတယ်။ အယ်လ်နာဆာအတွက် နောက်ဆုံး ၄ ပွဲမှာ ၇ ဂိုးအထိသွင်းယူထားနိုင်တဲ့ ရော်နယ်ဒိုဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေခဲ့ပြီး ကွင်းထဲကနေ ဒေါသတကြီးထွက်ခွာသွားခဲ့ပါတယ်။ 

#စီးရီးအေ #ဂျူဗင်တပ်စ် #ရော်နယ်ဒို