ရှေ့သို့
Image

ဂျော်ဂျင်ဟိုက အီတလီသို့ ပြန်သွားဖို့ရှိပါတယ်လို့ ပြောကြားလိုက်တဲ့ ကစားသမားအေးဂျင့်

10:54 AM, 18 April

အာဆင်နယ်က ဂျော်ဂျင်ဟိုဟာ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားတို့နဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ကွင်းလယ်ကစားသမားဟာ အီတလီကို ပြန်လာဖွယ်ရှိတယ်လို့ အေးဂျင့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အေးဂျင့်ဖြစ်သူက ကွင်းလယ်ကစားသမားဟာ အီတလီကို ပြန်လာဖို့ အလားအလာရှိနေတယ်လို့ ထပ်မံပြောဆိုထားတာကြောင့် အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ အဆိုပါကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ချဲလ်ဆီးမှ အမ်မရိတ်စ်သို့ရောက်ရှိလာခဲ့ပြီး  အသုံးဝင်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အီတလီလက်ရွေးစင်ကစားသမားဟာ ဒီဇင်ဘာတွင် အသက် ၃၂ နှစ် ပြည့်မြောက်ခဲ့တာကြောင့် အာဆင်နယ်တွင် ဆက်လက်ရှိမလား ဒါမှမဟုတ် အခြားအသင်းတွေမှာ စိန်ခေါ်မှုအသစ်ကို ရှာဖွေမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဂျော်ဂျင်ဟိုရဲ့ စာချုပ်ဟာ ရာသီကုန်တွင် ကုန်ဆုံးမှာဖြစ်သော်လည်း အာဆင်နယ်က နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် အေးဂျင့် ဂျိုအာချင်လိုဆန်းတို့စ်က အာဆင်နယ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးထားခြင်းမရှိကြောင်းနှင့် ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားတို့က စိတ်ဝင်စားနေတဲ့ ကောလာဟလတွေကြားမှာ ကွင်းလယ်ကစားသမားက အီတလီမှာ ကစားဖွယ်ရှိကြောင်း ပြောကြားထားပါတယ်။


ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်က TV Play သို့ "အာဆင်နယ်က ကျွန်တော်တို့ကို သက်တမ်းတိုးဖို့ ပြောပြီလား။ အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အကျော့ပွဲစဉ်အတွက် အာရုံစိုက်နေပါတယ်။ ကျွန်တော်တို့က အလျင်စလိုမဖြစ်ပါဘူး။ တစ်လ နှစ်လအတွင်း ဆွေးနွေးဖို့ ခေါ်တယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ကောင်းပါတဘ်။ ဂျော်ဂျင်ဟိုကရော အီတလီကို ပြန်ချင်လားဆိုတော့ ပြန်ချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက အီတလီမှာကြီးပြင်းလာပြီး နိုင်ငံနဲ့ပတ်သက်တဲ့ အရာအားလုံးကို သဘောကျပါတယ်"


"ဖီအိုရင်တီးနားက ဂျော်ဂျင်ဟိုလိုအဆင့်ရှိတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနိုင်မယ်ဆိုရင်။ သူတို့က ဂျော်ဂျင်ဟိုကု ပထမဆုံးအနေနဲ့ စဉ်းစားမယ်ဆိုရင် အားလုံးနားလည်ရမှာပါ။ ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တစ်ခု ချန်ပီယံလိဂ်ကို ရည်မှန်းချင်တဲ့ ကလပ်တစ်ခုရဲ့ရှေ့မှာ ကျွန်တော်တို့အတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လောလောဆယ်မှာတော့ ဖီအိုရင်တီးနားက ကျွန်တော်တို့ကို မဆက်သွယ်သေးပါဘူး။ ဂျူဗင်တပ်စ်လား။ ကျွန်တော့်အမြင်အရတော့ ဂျော်ဂျင်ဟိုလို ကစားသမားမျိုးကို မလိုအပ်ပါဘူး။ သူလို ကွင်းလယ်ကစားသမားမျိုးလိုမယ်ဆိုရင် ဂူအန်တိုလီက ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်" လို့ ပြောပါတယ်။

#အာဆင်နယ် #ဂျော်ဂျင်ဟို #ပရီးမီးယားလိဂ်