ရှေ့သို့
Image

ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင် အလွန်ဂုဏ်ယူစရာကောင်းလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အမ်ဘာပေ

2:39 PM, 17 April

ပီအက်စ်ဂျီစူပါစတား ကီလီယန်အမ်ဘာပေက သူ့အနေနဲ့ မွေးရပ်မြေကလပ် ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူပေးနိုင်ခဲ့မယ်ဆိုရင် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ကစားသမားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီကနေထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသော်လည်း သူ့အနေနဲ့ကတော့ ပြင်သစ်မြို့တော်အတွက် ဂုဏ်ယူစရာဖလားတွေကိုသာ ယူဆောင်ပေးနိုင်ဖို့ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်လက်ရွေးစင်ကစားသမားက “ကျွန်တော့်ရဲ့အိပ်မက်ကတော့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားရဖို့ပါပဲ။ ဒီအသင်းကိုစရောက်လာကတည်းက ဒီမှာရှိတာကို ဂုဏ်ယူခဲ့မိတာပါ။ ဒီမှာ ကစားရတာ အရမ်းကိုပျော်ပါတယ်။ ဒီမှာ ကြီးပြင်းလာရတာကိုက ထူးခြားမှာတစ်ခုပါပဲ။ ပဲရစ်မြို့သားတစ်ယောက်အနေနဲ့ ဒီလို နိုင်ပွဲတွေရတဲ့ညနေခင်းတွေကို ဖြတ်သန်းရတာ အရမ်းကောင်းတဲ့ အတွေ့အကြုံပါ။ ဝင်ဘလေမှာ ကစားမယ့် ဗိုလ်လုပွဲမရောက်ခင်၊ ကြားထဲမှာ ခြေလှမ်းတစ်လှမ်းလှမ်းဖို့ ကျန်နေသေးလို့ သေချာဂရုစိုက်ရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီဟာ ယနေ့နံနက် ဘာစီလိုနာကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ယူက ပထမအကျော့က ၂-၃ ဆိုတဲ့ရလဒ်ကို အပြတ်အသတ်ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အက်သလက်တီကိုကို အနိုင်ရခဲ့တဲ့ ဒေါ့မွန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဘာပေက “ဒီညမှာ ကျွန်တော်တို့ဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲကိုရှုံးခဲ့ရင်တောင် ပီအက်စ်ဂျီကစားသမားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိမှာပါ။ ကျွန်တော်အရမ်းပျော်ပါတယ်။ ဗိုလ်လုပွဲရောက်ဖို့ ရေပန်းစားနေတဲ့ အသင်းကိုအနိုင်ယူခဲ့တာပါ။ ဒါက ကျွန်တော်တို့နဲ့အတူ အိမ်ပြန်လာမယ့် ပရိသတ်တွေအတွက် ဂုဏ်ယူရမယ့်ညတစ်ညပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

#ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အမ်ဘာပေ