ရှေ့သို့
Image

ယူနိုက်တက်သို့ ပြန်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ့် ဆန်ချို

11:18 AM, 17 April

ဒေါ့မွန်မှာ အငှားနဲ့သွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစား ဂျေဒန်ဆန်ချိုဟာ လာမယ့် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာနိုင်ဖို့ရှိမရှိကို ဆွေးနွေးမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ကစားသမားဟာ အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ ပြဿနာဖြစ်ပွားပြီး အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်သို့ ရာသီကုန်အငှားစာချုပ်နဲ့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ 

ဆန်ချိုနဲ့ တန်ဟက်တို့ကို ရာသီအစောပိုင်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာလူသိရှင်ကြား ပြဿနာတက်ခဲ့ကြတာဖြစ်ပြီး နယ်သာလန်သားက ကစားသမားကို အသင်းလူစာရင်းကနေ ကာလရှည်ချန်လှပ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ တန်ဟက်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ အရည်အချင်းမပြည့်မီကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆန်ချိုကလည်း ခုတုံးလုပ်ခံရတယ်လို့ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ 

ထို့နောက်မှာတော့ ကစားသမားဟာ ယူနိုက်တက်စီနီယာအသင်းနဲ့အတူတွဲပြီး လေ့ကျင့်ရေးဆင်းခွင့်မရခဲ့ရုံမျှမက အသင်းရဲ့ စားသောက်ခန်းကိုပါ လူငယ်ကစားသမားတွေနဲ့အတူ သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေအရ ရက်ရှ်ဖို့ဒ်၊ မက်ဂွါရီနဲ့ လုခ်ရှောတို့က ဆန်ချိုအား တန်ဟက်ကိုတောင်းပန်ဖို့ တိုက်တွန်းခဲ့ကြသော်လည်း ပြဿနာက အခုချိန်အထိပြေလည်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ 

ယခုအခါမှာတော့ ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း အန်ဒီကိုးလ်က " ယူနိုက်တက်မှာ ကာလရှည်မကစားခဲ့ရပေမယ့် ဒီကောင်လေးက ပါရမီရှင်ကစားသမားတစ်ယောက်ပါ။ လူတွေကတော့ သူ့ကို မှန်မှန်ကန်ကန်တွေးတောဆင်ခြင်ဖို့ ပြောကြပေမယ့် လူတိုင်း ဒီလိုတွေးသင့်ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်မှာ အလုပ်မဖြစ်ခဲ့ပေမယ့် ဘာတွေဖြစ်လာဦးမလဲ ဘယ်သူမှမသိနိုင်ပါဘူး။ လာမယ့်နွေရာသီမှာ မေဆင်ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ မှတ်ချက်တွေကို နားထောင်သွားရပါဦးမယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ ဆန်ချိုလည်းပါဝင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ပရီးမီးယားလိဂ်