ရှေ့သို့
Image

ရီးရဲလ်နည်းပြ နေရာအတွက် အလွန်ဆိုကို အံ့အားသင့်ဖွယ်ထောက်ခံလိုက်တဲ့ လေဗာကူဆင် စီအီးအို

9:30 AM, 17 April

လေဗာကူဆင်အသင်းဟာ အလွန်ဆိုလက်အောက်မှာ နှစ်ပေါင်း ၁၂၀ အတွင်း ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အလွန်ဆိုကို လီဗာပူး နဲ့ ဘိုင်ယန်တို့က ခေါ်ယူဖို့ ချိတ်ဆက်နေကြတာဖြစ်ပါတယ်။

အသင်းကြီးတွေက ချိတ်ဆက်နေပေမယ့် အသက် ၄၂ နှစ်သားက လေဗာကူဆင်မှာ နောက်တစ်ရာသီဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါတယ်။ဒါပေမယ့် လေဗာကူဆင်စီအီးအို ကာရိုကတော့ အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်နည်းပြနေရာအတွက် ထောက်ခံခဲ့ပါတယ်။

“အလွန်ဆိုကတစ်နေ့မှာ ရီးရဲလ်အသင်းနည်းပြဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး။ သူရီးရဲလ်အသင်းကိုနည်းပြလိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ လီဗာပူး ဒါမှမဟုတ် ဘိုင်ယန်ကိုနည်းပြနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အသင်းတော်တော်များများက စိတ်ဝင်စားနေကြပေမယ့် သူ့အနာဂတ်က မသေချာသေးပါဘူး။ သူဒီမှာအဆင်ပြေနေပါတယ်။ အခြားတစ်ဖက်မှာ သူအသင်းမှာဆက်မရှိတာလည်းဖြစ်နိုင်ပါတယ်။  လာမယ့်နှစ်ချန်ပီယံလိဂ်မှာကစားဖို့ဆိုတဲ့ ကျွန်တော်တို့ရည်မှန်းချက်ကို ဆက်ထိန်းသိမ်းသွားမှာပါ”လို့ ကာရိုက ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီလက်အောက်မှာ ရီးရဲလ်အသင်းကတည်ငြိမ်နေပေမယ့် သတင်းတွေအရ အလွန်ဆိုဟာ အန်ဆယ်လော့တီနေရာကို ဆက်ခံနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ ရီးရဲလ်အသင်းဘုတ်အဖွဲ့ကတော့ အန်ဆယ်လော့တီကိုအသင်းမှာဆက်ထိန်းထားနိုင်ချင်နေပြီး ၂၀၂၆ အထိ ဆက်ရှိနေစေချင်နေပါတယ်။

အလွန်ဆိုဟာ လေဗာကူဆင်မှာဆက်ရှိနေနိုင်ပေမယ့် ရီးရဲလ်ကိုပြောင်းတာလည်းဖြစ်နိုင်ချေရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလွန်ဆိုဟာ ဝက်စ်ဟမ်းနဲ့ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်ကို အာရုံစိုက်ပြင်ဆင်နေကာ ပထမအကျော့တုန်းက ၂ ဂိုးပြတ်နဲ့အနိုင်ရရှိထားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #လေဗာကူဆင် #အလွန်ဆို