ရှေ့သို့
Image

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး အာဆင်နယ်ဘက်ကနေ ရပ်တည်လိုက်တဲ့ ဇာခါ

9:20 AM, 17 April

အာဆင်နယ်ကွင်းလယ်လူဟောင်း ဇာခါက ဗီလာကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဆဲလို့ ထောက်ခံလိုက်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဇာခါဟာ လေဗာကူဆင်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဗီလာနဲ့ပွဲရဲ့ပထမပိုင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘေလီ ၊ ဝက်တ်ကင်းစ်တို့ရဲ့ဂိုးတွေနဲ့ အရေးနိမ့်ခဲ့ပါတယ်။

အဆိုပါရလဒ်ကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့်အခွင့်အရေးနဲ့လွဲချော်ခဲ့သလို မန်စီးတီးနဲ့  ၂ မှတ်ကွာဟခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နဲ့အတူ ပါဝင်ခဲ့တဲ့ ဇာခါဟာ ချန်ပီယံဆုရဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်ခါနီးမှာ ခြေချော်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဆွစ်ဇာလန်သားက အာဆင်နယ်အနေနဲ့ ချန်ပီယံဆုအတွက် မျှော်လင့်ချက်မမဲ့သေးဘူးလို့ ယုံကြည်နေပါတယ်။

“သေချာပါတယ်။ သူတို့ဗီလာကို ဒီနေ့မှာအရေးနိမ့်ခဲ့ပါတယ်။ မှန်ပါတယ်။ သူတို့နီးစပ်နေဆဲပါ။ ကျွန်တော်အသင်းဖော်ဟောင်းတွေနဲ့ အဆက်အသွယ်ရှိနေဆဲပါ။ အသင်းနဲ့လည်း အတူတူပါပဲ။သူတို့လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်သလို ဒီနှစ်မှာ ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ သူတို့ ဒီနှစ်မှာ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဇာခါက ပြောကြားခဲ့ပါတယ်။

ဇာခါက အာဆင်နယ်ပရိသတ်တွေဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းက အသင်းမှာဆက်နေဖို့ တောင်းပန်ခဲ့ကြတဲ့အတွက် ကြက်သီးထမိတယ်လို့ ပြောကြားလိုက်ပါတယ်။ဒါ့အပြင် အာဆင်နယ်တာဝန်ရှိသူတွေက စာချုပ်သစ်မကမ်းလှမ်းလို့ နာကျင်ခဲ့ရတယ်လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။

“လက်တစ်ဖက်တည်းဆိုတော့ ကျွန်တော်ဝမ်းနည်းခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ကျွန်တော် ဒီလိုမသေချာမှုတွေကနေ ရုန်းထွက်နိုင်ခဲ့လို့ ပျော်မိပါတယ်။ လေဗာကူဆင်အစီအစဉ်က ရှင်းလင်းပါတယ်။၇ နှစ်ကြာကစားခဲ့တဲ့ အာဆင်နယ်ကနေထွက်ခွာဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် အဲ့ဆုံးဖြတ်ချက်က လုံးဝမှန်ကန်ခဲ့ပါတယ်။ အလုပ်ဖြစ်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ်”လို့ ဇာခါက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇာခါဟာ လက်ရှိမှာဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့ပြီးဖြစ်ကာ ယူရိုပါလိဂ်ဖလားလည်းရယူနိုင်ဖို့ အခြေအနေကောင်းနေသလို ဂျာမန်ပိုကယ်ဖလားလည်း ဖိုင်နယ်တက်ရောက်ထားနိုင်ခဲ့ပါတယ်။

#ဇာခါ #အာဆင်နယ် #ပရီးမီးယားလိဂ်