ရှေ့သို့
Image

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရလို့ နာကျင်မိကြောင်း ဖွင့်ဟလာတဲ့ အသင်းခေါင်းဆောင် ကိုကီ

9:10 AM, 17 April

အက်သလက်တီကိုမက်ဒရစ် အသင်းခေါင်းဆောင် ကိုကီက ယနေ့နံနက်က ဒေါ့မွန်ကို ၄-၂ နဲ့ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရလို့ ‌နာကျင်မိတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ‌ ဒီယေဂိုဆီမြွန်နီရဲ့အသင်းဟာ ပထမအကျော့ စပိန်မြေမှာ ဒေါ့မွန်ကို ၂-၁ နဲ့အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သော်လည်း ယခု ဒုတိယအကျော့မှာတော့ ဂျာမန်မြေမှာ ၄-၂ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ကိုကီက "ကျွန်တော်တို့ ဒီပွဲကို အားထုတ်မှုအပြည့်ထည့်ပြီးယှဉ်ပြိုင်ခဲ့လို့ ဒီလိုရှုံးနိမ့်မှုမျိုးက ထိချက်ပြင်းပါတယ်။ ချန်ပီယံလိဂ်မှာ ဒီထက်ပိုပြီး ရှင်သန်ချင်ခဲ့တာကြောင့် ဒီလိုထွက်ခဲ့ရတာ နာကျင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲမှာအနိုင်ရရှိခဲ့တဲ့ ဒေါ့မွန်ဟာ ပထမပိုင်းမှာတင် ပထမပိုင်းမှာတင် ၂-၀ ဆိုတဲ့ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ထိုက်တန်တဲ့အနိုင်ရလဒ်ကိုပုံဖော်ကာ ဆီမီးဖိုင်နယ်မှာတော့ ဘာစီလိုနာကိုအနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။  ယခုပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အက်သလက်တီကိုက ဟမ်းမဲလ်စ်ရဲ့ လက်ဆောင်ဂိုး၊ အိန်ဂျယ်ကော်ရီရာရဲ့ လှပတဲ့သွင်းဂိုတွေနဲ့အတူ ၂-၂ ဆိုတဲ့သရေရလဒ်အထိပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သို့သော် ပွဲကစားချိန် ၇၁ နဲ့ ၇၄ မိနစ်တွေမှာ နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာဖို့လုံလောက်ခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီးကိုကီက "ဒီပွဲမှာ ကျွန်တော်တို့ပြန်လာနိုင်ဖို့ရှိခဲ့ပေမယ့် ဘောလုံးက ဒီလိုပါပဲ။ အခွင့်အရေးကိုအရယူပြီး ပွဲကိုမြန်မြန်အဆုံးသတ်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပြီး သရေကျဖို့အထိ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးကိုအသုံးမချနိုင်ရင်တော့ ချန်ပီယံလိဂ်လိုနေရာမှာ ကြီးကြီးမားမားပေးဆပ်ရပါလိမ့်မယ်။ သူတို့က ကျွန်တော်တို့ထက် သာလွန်တဲ့အသင်းဖြစ်ခဲ့ပြီး ဒါကလည်း ဂုဏ်ပြုစရာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 


#အက်သလက်တီကို #ဒေါ့မွန် #ချန်ပီယံလိဂ် #ကိုကီ