ရှေ့သို့
Image

နယူးကာဆယ်နဲ့ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ တော့တင်ဟမ်နောက်ခံလူ ပေါ်ရို

8:03 PM, 14 April

တော့တင်ဟမ်နောက်ခံလူ ပီဒရိုပေါ်ရိုဟာ ယမန်နေ့ညက နယူးကာဆယ်ကို ၄-၀ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ ပွဲစဉ်တွေကို လွဲချော်သွားဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။ 

တော့တင်ဟမ်ဟာ ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတာဖြစ်ပေမယ့် ယမန်နေ့ညကတော့ သာမန်ထက် နိမ့်ကျတဲ့ ခြေစွမ်းကြောင့်နယူးကာဆယ်ကို ၄-၀ နဲ့အမှတ်မထင်ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ 

ရာသီကုန်ဖို့က ၆ ပွဲသာကျန်ရှိတော့တာဖြစ်ပြီး တော့တင်ဟမ်ဟာ အသင်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေရာ အခုလို ပေါ်ရိုရဲ့ ဒဏ်ရာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ တော့တင်ဟမ်ရဲ့နောက်တန်းကို အကောင်ဆုံးထိန်းကျောင်းပေးထားနိုင်တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် အခုလို ဒဏ်ရာရရှိသွားတဲ့အပေါ် ပရိသတ်တွေအနေနဲ့ အတော်လေးစိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ‌တော့ အသင်းနည်းပြ ပိုစတီကိုဂလူက ကစားသမားရဲ့ဒဏ်ရာ ပြင်းထန်မှု အခြေအနေကို မသိရသေးကြောင်း “ကျွန်တော် ဆေးအဖွဲ့နဲ့ မတွေ့ရသေးပါဘူး။ သူ ပထမပိုင်းမှာပဲ ဒဏ်ရာရနေတယ်ဆိုတာတော့ သိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်အကဲဖြတ်သွားရဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ပွဲနဲ့ပတ်သက်ပြီး ဩစတြေးလျသားက “နယူးကာဆယ်က အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲမှာ ဘောလုံးကို ထိန်းချုပ်ပြီး မကစားနိုင်ခဲ့ကြပါဘူး။ နယူးကာဆယ် ကစားသွားတဲ့ပုံက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ ရပ်တန့်ပြီး သနားစရာပုံစံလုပ်နေမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ တိုးတက်ဖို့အတွက် အ‌ရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တိုးတက်ရာမှာ ဒီလိုရှုံးပွဲတွေနဲ့ကြုံတွေ့ရတာကတော့ နာကျင်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


#တော့တင်ဟမ် ပေါ်ရို