ရှေ့သို့
Image

ဖာနန်ဒက်စ်ရဲ့ ကယ်တင်မှုကြောင့် ဘုန်းမောက်ကို သရေကစားနိုင်ခဲ့တဲ့ ယူနိုက်တက်

9:42 AM, 14 April

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘုန်းမောက်ရဲ့ ၂ ကြိမ်တိုင်တိုင်ဦးဆောင်ခြင်းကိုခံခဲ့ရသော်လည်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေကြောင့် ၂-၂ ဆိုတဲ့ သရေရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ရှုံးပွဲကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ 

ယခုပွဲစဉ်ရဲ့ ပွဲပြီးကာနီးမှာ ယူနိုက်တက်ဟာ ပင်နယ်တီ ပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရတာကြောင့် ရှုံးနိမ့်ပြီလို့ ယူဆခဲ့ကြသော်လည်း VAR စစ်ဆေးချက်အရ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ ပယ်ဖျက်ခြင်းခံခဲ့ရတာကြောင့် သက်သာရာ ရခဲ့ပါတယ်။ 

အဲရစ်တန်ဟက်ရဲ့ အသင်းဟာ အဝေးကွင်းမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲအစ ၁၆ မိနစ်မှာတင် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဘုန်းမောက်အတွက် ဦးဆောင်ဂိုးကို ဆိုလန်ကီက သွင်းယူခဲ့ပြီး ပွဲကစားချိန် ၃၁ မိနစ်မှာတော့ ဖာနန်ဒက်စ်က ပြန်လည်ချေပခဲ့ပါတယ်။ 

သို့သော်လည်း ပထမပိုင်းမှာပဲ ဘုန်းမောက်က နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့ပြီး ၃၆ မိနစ်မှာ ကလူရီဗက်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ယူနိုက်တက်အတွက် ဒုတိယမြောက်ချေပဂိုးကို ဖာနန်ဒက်စ်က ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ 

ဘုန်းမောက်ဟာ ဒီနေ့ပွဲစဉ်မှာ ခြေစွမ်းကောင်းနဲ့အတူ အခွင့်အရေးတွေအများအပြားရရှိခဲ့သော်လည်း တိုက်စစ်ပိုင်းဖြုန်းတီးမှုတွေကြောင့် နိုင်ပွဲနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

ယခုသရေပွဲကြောင့် ယူနိုက်တက်ကလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ကျဆင်းသွားခဲ့ပြီး ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာတော့တဲ့ အခြေအနေမှာရှိနေပါတယ်။ ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ တန်ဟက်ရဲ့အသင်းဟာ လာမယ့်အပတ်မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီရဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်