ရှေ့သို့
Image

အသင်းကြီးတွေရဲ့ပစ်မှတ် တိုနေးကို ဈေးချလိုက်တဲ့ ဘရန့်ဖို့ဒ်

10:00 AM, 12 April

ဘရန့်ဖို့ဒ်အသင်းဟာ နွေရာသီမှာ ထိပ်တန်းအသင်းတွေ ပစ်မှတ်ထားနေတဲ့ တိုနေးကို ဈေးလျော့ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ၂၀၂၁ ပရီးမီးယားလိဂ်ကို ဘရန့်ဖို့ဒ် တန်းတက်ပြီးကတည်းက တိုနေးဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။

လောင်းကစားဥပဒေကိုချိုးဖောက်ခဲ့တာကြောင့် အခုရာသီအစပိုင်းကို လွဲချော်ခဲ့ပေမယ့် အသက် ၂၈ နှစ်သားဟာ ပြန်လည်ကစားချိန် ၁၃ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အသင်းမှာပါ ပြန်လည်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုနေးရဲ့အနာဂတ်က မသေချာတဲ့အနေအထားဖြစ်ပြီး အာဆင်နယ်အပါအဝင် ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

တိုနေးဟာ အခုရာသီအကုန်မှာ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာမှာဖြစ်ပြီး ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ကလည်း အခြေအနေစောင့်ကြည့်နေပါတယ်။ တိုနေးရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ ဘရန့်ဖို့ဒ်က အလွတ်နဲ့လက်လွှတ်ဖို့ထက် ပေါင်သန်း ၃၀ လောက်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ ၂၀၂၂ တုန်းက မန်စီးတီးထံကနေ ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး နွေရာသီမှာ တိုနေးကို ခေါ်ယူဖို့ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဖေဖော်ဝါရီတုန်းက ကလပ်ဘရုဂျက်တိုက်စစ်မှူး အီဂေါသီယာဂိုကို ခေါ်ယူထားခဲ့ပြီးဖြစ်ကာ တိုနေးနေရာမှာ အစားထိုးထားခဲ့ပြီဖြစ်ပါတယ်။

သီယာဂိုဟာ လက်ကျန်ရာသီကို ဘရုဂျက်မှာ ဖြတ်သန်းမှာဖြစ်ပြီး ဇူလိုင်လမှ ဘရန့်ဖို့ဒ်နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ဘရုဂျက်အသင်းအတွက် ၂၃ ပွဲမှာ ၁၆ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး လန်ဒန်ကလပ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီတုန်းက အင်တာဗျူးတစ်ခုမှာ နည်းပြ ဖရန့်ခ်က တိုနေးအတွက် အခုရာသီဟာ နောက်ဆုံးရာသီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“တိုနေးကို နွေရာသီမှာ ရောင်းထုတ်ရနိုင်ချေရှိပါတယ်။ သူဘယ်လောက်တန်လဲဆိုတာ ကျွန်တော်တို့သိပါတယ်။ လက်ရှိအချိန်မှာ သူ့လောက်ကောင်းတဲ့ တိုက်စစ်မှူးများများစားစားရှိမယ်မထင်ပါဘူး။ သူက တကယ့်ကို ကျွမ်းကျင်တိုက်စစ်မှူးပါ။ နည်းပြတစ်ဦးအနေနဲ့ သူ့လိုကစားသမားမျိုးကို အသင်းမှာထိန်းထားချင်ပါတယ်။ တစ်နေ့မှာ သူ့ကိုထိပ်တန်းအသင်းတစ်သင်းမှာ မြင်ချင်ပါတယ်”လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

#ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #တိုနေး