ရှေ့သို့
Image

လီဗာပူးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်တဲ့ အာမိုရင်

8:28 AM, 12 April

စပို့တင်းနည်းပြ အာမိုရင်က လီဗာပူးအသင်းနည်းပြနေရာအတွက် သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ အသက် ၃၉ နှစ်သားဟာ ဥရောပရဲ့အကောင်းဆုံး လူငယ်နည်းပြတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး ကလော့ပ်နေရာအတွက် သတင်းကြီးနေခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုက ကလော့ပ်နေရာအတွက် ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေပေမယ့် စပိန်သားက လေဗာကူဆင်မှာ ဆက်နေမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဖော်ပြတဲ့သတင်းတွေအရ အာမိုရင်နဲ့ စပို့တင်းအနာဂတ်က မသေချာတဲ့အနေအထားဖြစ်နေပြီး လီဗာပူးနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်တုန်းက အာမိုရင်ဟာ လီဗာပူးနည်းပြနေရာ အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအပတ်သတင်းစာရှင်းပွဲမှာ အာမိုရင်က အဆိုပါသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်နဲ့ တွေ့ဆုံတာတောင်မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

“ကျွန်တော်တို့ လီဗာပူးနဲ့ တွေ့ဆုံခြင်းမရှိသလို သဘောတူညီမှုလည်းမရပါဘူး။ အဲ့တာက မမှန်ပါဘူး။ ကျွန်တော်စပို့တင်းနည်းပြအဖြစ်ရှိနေဆဲပါ။ ဒီမှာအနိုင်ရချင်ပါတယ်။ ဘယ်အသင်းနဲ့မှ မတွေ့ဆုံပါဘူး။ ဘာမှလည်း သဘောတူညီမှု မရပါဘူး။ ဒီပုံပြင်ကို ရပ်တန့်လိုက်ပါ။ ကျွန်တော့်အနာဂတ်အတွက် ပြောတာက ဒီတခါနောက်ဆုံးအကြိမ်ပါ”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

အာမိုရင်နဲ့ စပို့တင်းတို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၂.၈ သန်းရှိနေပါတယ်။ ပေါ်တူဂီစတားဟောင်းဟာ နိုင်ငံအသင်းအတွက် ၁၄ ကြိမ်အထိ ပါဝင်ခဲ့သလို စပို့တင်းကို အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း စပို့တင်းအသင်းဟာ ဘင်ဖီကာ အသင်းအထက်မှာ ၄ မှတ်အကွာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ အခုလအစောပိုင်းတုန်းက ဖူလ်ဟမ်ကွင်းလယ်လူ ပယ်လင်ဟာတစ်ယောက် အာမိုရင်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်နိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။

“ရူဘင်က အရည်အချင်းပြည့်ဝတဲ့နည်းပြတစ်ဦးဖြစ်သလို ပေါ်တူဂီမြေမှာ အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ။ ဘရာဂါကနေ ပြောင်းလာပြီးကတည်းက သူကစွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပါတယ်။ သူ့မှာ ပွဲနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေရှိနေပါတယ်။ ပြီးတော့ ကစားသမားတွေနဲ့နီးကပ်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ သူတိုးတက်လာတာကို မြင်ရသလို ပေါ်တူဂီမြေမှာလည်း ဆက်နေဖွယ်မရှိပါဘူး။ ပေါ်တူဂီမြေကနေ သူမထွက်ခွာချင်တာက စပို့တင်းနဲ့အတူ ချန်ပီယံဆုယူချင်တာကြောင့်ပါ။ သူ့အနာဂတ်က သူ့လက်ထဲမှာပါ။ သူ့စွမ်းဆောင်ရည်က လီဗာပူးကို ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ ပေါ်တူဂီကလပ်မှာလည်း ဖိအားရှိပါတယ်။ လီဗာပူး ပြောင်းလာချိန်မှာလည်း ဖိအားရှိပါလိမ့်မယ်။ သူတိုးတက်လာနေပါတယ်။ အချိန်တစ်ခုပဲလိုတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပယ်လင်ဟာက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #စပို့တင်း #ပရီးမီးယားလိဂ် #အာမိုရင်