ရှေ့သို့
Image

ဟယ်ရီကိန်းက အာဆင်နယ်နဲ့ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆာနေး

3:20 PM, 9 April

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား လီရွိုင်းဆာနေးက အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်ခင် အသင်းရဲ့စူပါစတား ဟယ်ရီကိန်းရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျာမန်မြေသို့ စတင်ရောက်ရှိလာခဲ့ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ဒါဘီပြိုင်ဘက်ဟောင်းကို ပထမဆုံးအကြိမ် ပြန်လည် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။  ခုအခါမှာတော့ ဆာနေးက သူ့ရဲ့အသင်းဖော် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်နဲ့ပွဲကို အရှိန်အဟုန်ပြည့်နဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။

ကိန်းဟာ ဒီရာသီမှာ ဂျာမန်ချန်ပီယံအသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားထားပြီး စုစုပေါင်း ၃၈ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်ရဲ့နောက်ဆုံးပွဲစဉ် ၈ ပွဲမှာ ၁၀ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် လတ်တလောမှာ ဂိုးမြူးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အသက်-၃၀ နှစ်အရွယ် တိုက်စစ်မှူးက အကောင်းဆုံး ပုံစံပြသပြီး ဂိုးတွေ ဆက်တိုက်သွင်းယူနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ရလဒ်ပိုင်းမှာအတော်လေးဆိုးဝါးနေပြီး နောက်ဆုံး ပွဲစဉ် ၂ ပွဲဆက်မှာ ဒေါ့မွန်နဲ့ ဟိုင်ဒင်ဟိမ်းတို့ကို ရှုံးနိမ့်ကာ အမှတ်ပေးဇယားထိပ်ဆုံးက လေဗာကူဆင်နဲ့ ၁၆ မှတ်အထိကွာဟသွားခဲ့ပါတယ်။

ယခုအခါမှာတော့  အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆာနေးက “ကိန်းအနေနဲ့ သူ့ရဲ့ဂိုးသွင်းနှုန်းကို အာဆင်နယ်နဲ့ပွဲမှာလည်း ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော်တို့ကို သွင်းဂိုးတွေနဲ့ အမြဲတမ်းကူညီလေ့ရှိပါတယ်။ ဒီပွဲက သူ့အတွက်တော့ ထူးရှယ်ပွဲတစ်ပွဲပါ။ ဒီပွဲကို သူအတော်လေးကန်ချင်နေတာပါ။ သူက ထက်မြက်တော့ သူနဲ့အတူတွဲကစားရတာ အရမ်းလွယ်ကူပါတယ်။ သူက အသင်းဖော်တွေရဲ့ကစားပုံကို နားလည်ပြီး ဘယ်လိုကူညီနိုင်မလဲဆိုတာ ကြိုးစားနေတတ်ပါတယ်။ ကျွန်တော်တို့ကြားမှာ အချိတ်အဆက်ကောင်းရှိပါတယ်။ သူကတကယ်တော်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

ကိန်းဟာ အာဆင်နယ်နဲ့စုစုပေါင်း ၁၉ ပွဲအထိ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး ၁၄ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ အာတီတာအနေနဲ့လည်း ကိန်းကို ထိန်းချုပ်ဖို့ အကောင်းဆုံး ပြင်ဆင်လာမယ်လို့ဆိုပေမယ့် ဝါရင့်တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့အစွမ်းအစကို ဘယ်လိုပြသသွားနိုင်မလဲဆို စောင့်ကြည့်သွားရပါမယ်။

#ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဆာနေး