ရှေ့သို့
Image

ဟယ်ရီကိန်းကို လေးစားဖို့ အာဆင်နယ် အသင်းဖော်တွေကို သတိပေးလိုက်တဲ့ အိုဒီဂတ်

12:50 PM, 8 April

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က အသင်းသားတွေအနေနဲ့ ဟယ်ရီကိန်းကို လေးစားဖို့ သတိပေးလိုက်ပါတယ်။

ဘိုင်ယန်ဟာ ပြည်တွင်းလိဂ်မှာအခြေအနေဆိုးဝါးနေပြီး စနေနေ့တုန်းက ဟိုင်ဒန်ဟိမ်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုကြားရက်မှာ ဘိုင်ယန်ဟာ အာဆင်နယ်ရဲ့အိမ်ကွင်းကို ချန်ပီယံလိဂ်ပထမအကျော့အဖြစ် လာရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘိုင်ယန်တိုက်စစ်မှူး ကိန်းဟာ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းကောင်းတွေပြသထားပြီး ၃၇ ပွဲမှာ ၃၈ ဂိုးအထိ သွင်းယူထားသလို ၁၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် အိုဒီဂတ်က အသင်းဖော်တွေအနေနဲ့ ကိန်းရဲ့စွမ်းဆောင်ရည်ကို သတိထားရမှာဖြစ်ပြီး လေးစားမှုရှိရမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ တူချယ်ရဲ့အသင်းက ရလဒ်တွေ ဆိုးဝါးနေပေမယ့် ကိန်းရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

“ကျွန်တော်တို့ ကိန်းကို လေးစားသင့်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှတော့ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ့်ဘာသာကိုယ်အာရုံစိုက်ရပါမယ်။ ဒီလိုအရည်အချင်းက ကျွန်တော်တို့အသင်းမှာ ရှိပါတယ်။
အဲ့တာပါပဲ။ ကိန်းက ထိပ်တန်းကစားသမားတစ်ဦးပါ။ မှန်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက သူနဲ့ရင်ဆိုင်ဖူးပါတယ်။ ဂိုးဧရိယာထဲမှာ သူူဘယ်လိုစွမ်းဆောင်ရည်ရှိလဲဆိုတာ သိပါတယ်။ သူက အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားရာမှာလည်း အရမ်းကောင်းပါတယ်။ အင်္ဂါနေ့မှာ ကျွန်တော်တို့ အသင်းကောင်း တစ်သင်းနဲ့ရင်ဆိုင်ရမှာပါ”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။

ကိန်းဟာ အာဆင်နယ်နဲ့ ၁၉ ကြိမ်ရင်ဆိုင်ထားရာမှာ ၁၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး အဆိုပါပွဲတွေမှာ ၇ ကြိမ်သာ အနိုင်ရရှိထားခဲ့ကာ အာဆင်နယ်က ၇ ကြိမ် အနိုင်ရရှိပြီး ၅ ကြိမ် သရေကျထားခဲ့ပါတယ်။ အာဆင်နယ် နဲ့ ဘိုင်ယန်တို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ၂ ကျော့ ကန်ရမှာဖြစ်ပြီး အခုအပတ်မှာတော့ အာဆင်နယ်အိမ်ကွင်းမှာ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ပွဲအပြီးမှာ အာဆင်နယ်ဟာ အက်စ်တွန်ဗီလာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အိုဒီဂတ် #ဟယ်ရီကိန်း #ပရီးမီးယားလိဂ်