ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွင်း ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်အပေါ် အံဩမှင်သက်နေတဲ့ ပက်ဂွါဒီယိုလာ

7:49 PM, 7 April

ယမန်နေ့ညနေပိုင်း၊ ခရစ္စတယ်ပဲလေ့စ်ကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်ပိုင်းက မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကို အံ့ဩမှင်သက်သွားစေခဲ့ပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးအတွက် ဒီဘရိုင်းက အံ့ဖွယ်သွင်းဂိုး နှစ်ဂိုးအပါအဝင် ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ စွမ်းဆောင်ပေးရင်း ဆဲလ်ဟတ်ပတ်ခ်မှာ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားရဲ့ပထမဂိုးဆိုရင် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အံ့အားသင့်ဖွယ် ထိုးဖောက်မှုနဲ့အတူ သွင်းယူခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ နည်းပြပက်ဂွါဒီယိုလာမှာ အံ့ဩမှင်သက်နေခဲ့ပြန်ပါတယ်။အခုနိုင်ပွဲနဲ့အတူ မန်စီးတီးက လီဗာပူး၊ အာဆင်နယ်တို့နဲ့အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့ဆက်နေခဲ့ပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက " ပထမပိုင်းမှာ ကျွန်တော်တို့ အမှားတွေ လုပ်မိပေမယ့် ဒီဘရိုင်းရဲ့ လုပ်ဆောင်ချက်၊ ဒီဘရိုင်းရဲ့ဂိုးဖန်တီးမှု၊ ဒီဘရိုင်းရဲ့သွင်းဂိုးတွေနဲ့အတူ ကျွန်တော်တို့ comeback လုပ်နိုင်ခဲ့ပါတယ်။ဒီဘရိုင်းက ဂိုးသွင်းနေရတာကို ဂိုးဖန်တီးမှုလုပ်နေရတာထက် ပိုကြိုက်တာ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ပွဲစဉ်တွေမှာ အနိုင်ရရှိစေဖို့ သူ့ကို ဆက်တွန်းအားပေးနေခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် နိုင်ပွဲတွေ ရယူပေးနိုင်တာ သံသယမရှိလိုက်ပါနဲ့။ ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်ပိုင်း တကယ့်ကို ကောင်းလွန်းပါတယ်"လို့ ပြောပါတယ်။ မန်စီးတီးက လူတန်တောင်းနဲ့ရင်ဆိုင်ရမယ့် လာမယ့်သီတင်းပတ်၊ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ် ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။


#ခရစ္စတယ်ပဲလေ့စ် #ဂွါဒီယိုလာ #ဒီဘရိုင်း