ရှေ့သို့
Image

စနေနေ့ ကော်လိုရာဒိုနဲ့ပွဲစဉ်မှာ မက်ဆီ ပါဝင်ကစားနိုင်မယ်လို့ အင်တာမီယာမီ အတည်ပြု

4:04 PM, 6 April

တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်နေတဲ့ စူပါစတားလီယွန်နယ်မက်ဆီဟာ လာမယ့်စနေနေ့ မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ ကော်လိုရာဒိုနဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်တော့မယ်လို့ အင်တာမီယာမီက အတည်ပြုပြောကြားလာခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မွန်တာရေးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပါအဝင် အင်တာမီယာမီရဲ့ နောက်ဆုံးပွဲစဉ် ၄ ပွဲဆက်တိုက်ကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ ၂ ဖက်အသင်းကစားသမားတွေ တစ်ဦးနဲ့တစ်ဦး အော်ဟစ်အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး မက်ဆီကလည်း အဆိုပါရန်ပွဲထဲမှာ ပါဝင်ခဲ့ပါတယ်။

သောကြာနေ့မှာ အင်တာမီယာမီရဲ့ လက်ထောက်နည်းပြ ဂျာဗီမိုရေးစ်က “ဒီလိုပွဲစဉ်တွေက ဘယ်လောက်ပြင်းထန်သလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ တကယ့်စိတ်အားထက်သန်မှုနဲ့ ကစားခဲ့တာကြောင့်ပါ။ ကျွန်တော်တို့က တကယ်ကောင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ တစ်ယောက်လျော့သွားတဲ့အချိန်မှာတော့ ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်တစ်ကျော့မှာတော့ ကျွန်တော်တို့ မွန်တာရေးကိုသွားပြီး ပြိုင်ပွဲမှာဆက်လက်ကျန်ရှိနေဖို့ ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာတော့ အင်တာမီယာမီဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် မွန်တာရေးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မက်ဆီအနေနဲ့ စနေနေ့ပွဲစဉ်မှာပါဝင်နိုင်မယ်ဆိုရင် အဆိုပါပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။ မက်ဆီဟာ မတ်လ ၁၃ ရက်နေ့ကတည်းက ပါဝင်ကစားနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့လက အာဂျင်တီးနားရဲ့ နိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ အယ်လ်ဆာဗေးဒေါ၊ ကော်စတာရီကာတို့ရဲ့ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ပါတယ်။

 ယခုအခါမှာတော့ ကစားသမားဟာ အင်တာမီယာမီရဲ့ သောကြာနေ့ လေ့ကျင့်ရေးအစီအစီမှာပါဝင်ခဲ့ပြီး ကြံ့ခိုင်မှုတည်ဆောက်ထားနိုင်ပြီလို့ သိရပါတယ်။ ဆက်လက်ပြီး‌ မိုရေးစ်က “မက်ဆီက တစ်နေ့ထက်တစ်နေ့ပိုကောင်းလာပါတယ်။ ကြံ့ခိုင်မှုပြန်ရနေပါပြီ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
 

#မက်ဆီ #အင်တာမီယာမီ