ရှေ့သို့
Image

ရိုဒရီကသာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဖိုဒန်

12:49 PM, 5 April

အီသီဟက်တွင် ဗီလာကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီး အသင်းဖော် ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်လို့ ဖိုဒန်က ပြောကြားလိုက်ပါတယ်။

ဖိုဒန်ဟာ ခြေစွမ်းပြသပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာပြီဖြစ်ကာ ရိုဒရီကလည်း အဆိုပါပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိရာသီ ပြိုင်ပွဲစုံမှာ ၃၁ ဂိုး သွင်းယူပေးထားတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အင်္ဂလန် အသင်းဖော် ဘယ်လင်ဂမ်ရဲ့ ရှေ့သို့ ရောက်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အာဆင်နယ်နှင့် ဂိုးမရှိ သရေကျတဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ ဒီဘရိုင်းကို ဂွါဒီယိုလာက အနားပေးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အတွင်းပိုင်းမှာ ပိုမိုဝင်ရောက်ကစားခဲ့ရပါတယ်။ ဗီလာနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် ရိုဒရီရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၇ ဂိုးနှင့် ဂိုးဖန်တီးမှုကလည်း ၇ ကြိမ် အထိ ရှိလာခဲ့တာကြောင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးအဖို့ ဒါဟာ ထူးခြားတဲ့ အရာလည်းဖြစ်ပါတယ်။

စပိန်နိုင်ငံသားဟာ ၆၃ ပွဲဆက် ရှုံးပွဲမရှိထားတာဖြစ်ပြီး ဒါဟာ အင်္ဂလိပ်အခြေစိုက်လပ်တွေက အခြားကစားသမားတွေထက် အရှည်ကြာဆုံး စံချိန်လည်းဖြစ်ပါတယ်။ အဆိုပါစံချိန်ကို အရင်က ချဲလ်ဆီး ကစားသမားဟောင်းဖြစ်တဲ့ ကာဗယ်ဟိုက တင်ထားခဲ့ဖူးတာဖြစ်ပြီး ၂၀၀၆ နိုဝင်ဘာကနေ ၂၀၀၈ ဖေဖော်ဝါရီကြား ၅၈ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ တော့တင်ဟမ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက်ပိုင်း ရိုဒရီပါဝင်တဲ့ပွဲတိုင်းမှာ မန်စီးတီးဟာ ရှုံးနိမ့်မှုမရှိသေးတာဖြစ်ပြီး စက်တင်ဘာလ နော်တင်ဟမ်နှင့်ပွဲမှာ ရိုဒရီ အနီကဒ်ပြခံရပြီးနောက် မပါဝင်နိုင်ခဲ့တဲ့ ပြည်တွင်းပွဲစဉ် ၃ ပွဲစလုံးကို မန်စီးတီးက ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ရိုဒရီဟာ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို ဖိုဒန်က အကြွင်းမဲ့ယုံကြည်နေပြီး ပွဲအပြီးနောက် TNT Sports သို့ "သူ့အတွက် ပြောစရာစကားမရှိအောင် ဖြစ်ရတာပါ။ သူက အရာအားလုံးကိုလုပ်နိုင်တဲ့သူဖြစ်ပါတယ်" "သူရဲ့ပွဲတွေမှာ အားနည်းချက်ဆိုတာ ကျွန်တော် မတွေ့မိပါဘူး၊ သူဟာ ကျွန်တော်တို့ရဲ့ အရေးပါဆုံး ကစားသမားဖြစ်ပါတယ်" "ကျွန်တော့်အတွက်ကတော့ သူဟာ ရာနှုန်းပြည့် အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးပါပဲ။ သူဟာ အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်"လို့ ပြောပါတယ်။

ပထမဆုံး ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဆုဖလားရရှိတဲ့ အသင်းဖြစ်ဖို့အတွက် မန်စီးတီးဟာ လီဗာပူးနှင့် အာဆင်နယ်တို့ကို အမီလိုက်နေတာဖြစ်ပြီး လက်ကျန်ရာသီပွဲစဉ်တွေ အတွက် ရိုဒရီနှင့်ဖိုဒန်တို့ကို လိုအပ်နေတာလည်းဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ စနေနေ့မှာတော့ ပဲလေ့စ်ရဲ့ အိမ်ကွင်းသို့ မန်စီးတီးနှင့်အတူ သွားရောက် ကစားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ရိုဒရီ #ဖိုဒန် #ပရီးမီးယားလိဂ်