ရှေ့သို့
Image

သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ ဆောက်ဂိတ်ဆီ သတင်းစကားပါးလိုက်တဲ့ ဖိုဒန်

1:10 PM, 4 April

အက်စတွန်ဗီလာကို ဟက်ထရစ်သွင်းယူကာ အကောင်းဆုံး ခြေစွမ်းကို ထုတ်ဖော်ပြသပြီးနောက် ဖိုဒန်က တောင်ပံကစားသမားထက် ဗဟိုကွင်းလယ်တိုက်စစ်နေရာမှာ ပေးဆပ်ကစားဖို့ လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ စိတ်ပျက်ဖွယ် သရေကျပြီးနောက် မန်စီးတီးက အီတီဟတ်ကွင်းမှာ အက်စတွန်ဗီလာကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး သူတို့ရဲ့ပုံစံကောင်းတွေဆီ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဟာလန်း၊ ဒီဘရိုင်းတို့ အရန်လူစာရင်းမှာပဲ ပါဝင်လာမှုနဲ့အတူ ဖိုဒန်က အခုရာသီ၊ သူ့ရဲ့သွင်းဂိုးမှတ်တမ်းကို ၂၁ ဂိုးအထိရှိလာအောင် စွမ်းဆောင်သွားနိုင်ပါတယ်။ ဒါက ဖိုဒန်ရဲ့ကစားသမားဘ၀ လက်ရှိအချိန်အထိ အကောင်းဆုံးမှတ်တမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားက ဒဏ်ရာပြဿနာကင်းစင်နေမယ်ဆိုရင် နည်းပြဆောက်ဂိတ်ရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာဖို့ သေချာသလောက်နီးပါးရှိပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြက မန်စီးတီးစတားကို No. 10 Role မှာ တာဝန်ပေးအပ်သွားဖို့ တွန့်ဆုတ်နေပြီး သူ့အစား ဘယ်လင်ဟမ်နဲ့အတူ ပိုမိုတောင့်တင်းတဲ့ကွင်းလယ်စုဖွဲ့မှုကိုပဲ ဦးစားပေးရွေးချယ်ဖို့ လိုလားနေပါလိမ့်မယ်။

နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ ဘယ်အစွန်တိုက်စစ်မှူးနေရာမှာ ကစားနေရတဲ့ အသက်-၂၃ နှစ်အရွယ်ကစားသမားက လက်ရှိအချိန်မှာတော့ သူအကောင်းဆုံး ကစားနိုင်မယ့်နေရာကို ထုတ်ဖော်ပြောဆိုလိုက်ပြန်ပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဖိုဒန်က “အသင်းလူစာရင်းမှာ နည်းစနစ်ပိုင်း အရမ်းကောင်းတဲ့ ကစားသမားအချို့ရှိနေပုံရပြီး ဒီအလုပ်ကို ကျွန်တော်လည်းလုပ်နိုင်ဖို့ တောင်ပံထွက်ကစားပေးနေရတယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဗဟိုကွင်းလယ်တိုက်စစ်မှာ ကစားရတာ ပိုကြိုက်ပါတယ်။ ဒီနှစ်အတွင်း ပွဲစဉ်တွေမှာ ကျွန်တော်တိုးတက်လာနေပြီလို့ ထင်ပါတယ်။ နည်းပြပက်ဂွါဒီယိုလာကလည်း အသင်းလိုက်ဟန်ချက်တွေကို သင်ကြားပြသပေးခဲ့သလို ပွဲစဉ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကိုလည်း ပြောပြပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်ပြနေတယ်လို့ ထင်မြင်မိပါတယ်”

ဒီပွဲစဉ်မတိုင်ခင် “ပက်က ကျွန်တော့်ကို ဒီနေရာနဲ့ပတ်သက်လို့ တိုးတက်လာရဦးမယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တိုက်စစ်ပိုင်းအတွက် လှုပ်ရှားမှုတိုင်းမှာ လျှင်လျှင်မြန်မြန်နဲ့ ပါဝင်ကစားနေခဲ့လို့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော် ဘယ်ညာဟန်ချက်ညီအောင် ကစားနိုင်နေပြီလို့ ယူဆမိပါတယ်။ အခုအချိန်မှာ ကျွန်တော်က ပြိုင်ဘက်ဂိုးဧရိယာအတွင်းထိ ဝင်ရောက်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်ပဲ သွင်းဂိုးတွေ ရရှိနေတယ်ထင်ပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာဆီ နောက်ဆုံးမှဝင်ရောက်လာခြင်းက တစ်ရာသီ ငါးဂိုးနှုန်းလောက် ရရှိစေပါတယ်။ ဒါကြောင့် ကျွန်တော်ပါဝင်ကစားရတဲ့ ပွဲစဉ်တွေမှာ ကဏ္ဍတိုင်းအတွက် အလုပ်တွေ လုပ်ဆောင်ပေးနေပါတယ်။ ကျွန်တော့်မှာ တိုးတက်ရမယ့်အရာတွေ အများကြီးကျန်နေသေးသလို ဒီနေရာမှာကစားနိုင်ဖို့အတွက် သင်ယူနေရဆဲပါပဲ”လို့ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဖိုဒန်ကို ဗဟိုကွင်းလယ်လူအဖြစ် တာဝန်ပေးအပ်ဖို့ ဆောက်ဂိတ်ဆီ အစဉ်တစိုက်တောင်းဆိုခဲ့ဖူးတဲ့ ရီယိုဖာဒီနန်က မန်စီးတီးရဲ့အခုမနက်ပိုင်းနိုင်ပွဲအပြီးမှာလည်း သူရဲ့တောင်းဆိုမှုကို ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။

ဖာဒီနန်က “အင်္ဂလန်အသင်နဲ့အတူ ဖိုဒန်ရဲ့အကောင်းဆုံးစွမ်းရည်ကို ရရှိဖို့ သူ့ကို ကွင်းလယ်မှာထားမလား၊ တောင်ပံမှာထားမလားဆိုတဲ့ ငြင်းခုံမှုတွေ သေချာပေါက်ရှိပါတယ်။ အခုပွဲစဉ်အတွင်း ဗဟိုကွင်းလယ်နေရာတွေမှာ ဖိုဒန်ပါဝင်ကစားပေးသွားတဲ့ ဗီဒီယိုကလစ်တွေကို ဆောက်ဂိတ်ဆီယူသွားပြီး ကြည့်စမ်းပါ၊ သူ့လိုမျိုး ဘယ်သူလုပ်နိုင်မလဲဆိုပြီး မေးမြန်းလိုက်သင့်ပါတယ်။ အင်္ဂလန်အသင်းမှာ ဗဟိုကွင်းလယ်အထိုင်အတွက် ဒီကလန်ရိုက်စ်ရှိနေပြီး သူ့ရဲ့ရှေ့မှာ ဘယ်လင်ဟမ်နဲ့ ဖိုဒန်တို့ကို ပွဲထွက်ခိုင်းလိုက်ပါ။ ဒီလိုကွင်းလယ်အတွဲအဖက်မျိုး ဘယ်လိုထိပ်တန်းအသင်းမျိုးဆီမှာ ရှိနေသလဲ? ဒါကြောင့် အခုလိုပုံစံမျိုး ပွဲထွက်ခွင့်ပေးပြီး သူတို့အကြား ထွက်ပေါ်လာတဲ့ အကောင်းဆုံစွမ်းဆောင်ရည်တွေနဲ့ အလုပ်တွေကို လုပ်သွားရပါလိမ့်မယ်”

ဖိုဒန်က“နည်းလမ်းရှာဖွေသွားရမယ့် ကစားသမားမျိုးဖြစ်ပြီး သူ့ရဲ့ဘောလုံးဉာဏ်ရည်အဆင့်အတန်းက အလွန်မြင့်မားလွန်းပါတယ်။ ဘယ်လင်ဟမ်ကတော့ ပြီးပြည့်စုံတဲ့အခြားအဆင့်တစ်ခုဆီ ရောက်ရှိနေပြီးပါပြီ။ သူတို့နှစ်ဦးလုံးမှာ ချိတ်ဆက်ကစားနိုင်လောက်အောင် ဘောလုံးဉာဏ်ရည်မျိုး ရှိနှင့်ပြီးသားဖြစ်လို့ ဒီကစားသမားနှစ်ဦးကို ဘယ်လိုချိတ်ဆက်ကစားစေမလဲဆိုတဲ့ နည်းလမ်းရှာဖွေသင့်ပါတယ်။ ပွဲကြီးပွဲကောင်းတွေမှာ ပွဲကိုထိန်းချုပ်ထားနိုင်မယ့်၊ အခိုက်အတန့်ကောင်းတွေ ထုတ်လုပ်ပေးနိုင်မယ့် ကစားသမားတွေ လိုအပ်ပါတယ်။ ဒီလိုကစားသမားတွေထဲမှာ ဖိုဒန်လည်း ပါဝင်ပါတယ်”လို့ ပြောပါတယ်။

#မန်စီးတီး #ဆောက်ဂိတ် #ဖိုဒန် #ပရီးမီးယားလိဂ်