ရှေ့သို့
Image

ဗီလာနဲ့ ပွဲစဉ်မှာ ဟာလန်းကို ဘာကြောင့်ပွဲထွက်ခွင့်မပေးခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ပက်ဂွါဒီယိုလာ

9:17 AM, 4 April

ဒီနေ့မနက်ပိုင်း၊ အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွက် အရန်ကစားသမားစာရင်းမှာသာ ပါဝင်ခဲ့ရတဲ့ ဟာလန်းအနေဖြင့် အနားယူဖို့လိုအပ်နေတယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ရှင်းပြလိုက်ပါတယ်။

မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်အတွက် အရေးပါလွန်းတဲ့ အခုပွဲစဉ်မှာ ဂွါဒီယိုလာက ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို ပွဲထွက်ခွင့်မပေးဘဲ အရန်ခုံတန်းမှာပဲ ရှိနေစေခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း နော်ဝေသားရဲ့ စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် အခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

ပက်ဂွါဒီယိုလာကတော့ သူ့အသင်းအတွက် အလွန်အလုပ်များမယ့် ရက်သတ္တပတ်မတိုင်ခင် သူ့ရဲ့ကြယ်ပွင့်တိုက်စစ်မှူးကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အတိအလင်းပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ရွိုင်ကိန်းက ဟာလန်းကို လိဂ်တူးကစားသမားတစ်ဦးရဲ့ကစားဟန်မျိုးပဲလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ပြင်ပသက်ရောက်မှုမရှိဘဲ ပွဲကစားချိန်မိနစ်တွေကို ရိုးရိုးရှင်းရှင်းစီမံခန့်ခွဲခဲ့သလားလို့ မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက “အမှန်ပါပဲ၊ နောက်နှစ်ရက်ခွဲလောက်ကျရင် ကျွန်တော်တို့တွေ နောက်တစ်ပွဲကစားရပါဦးမယ်(ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်)။ ထိပ်တန်းအသင်းတိုင်းမှာ အင်အားတောင့်တင်းပြီး ကောင်းမွန်တဲ့လူစာရင်း ရှိကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့မှာလည်း ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က ခက်ခဲကြမ်းတမ်းမယ့် ခရီးလမ်းရဲ့ ဗွေဆော်ဦးအဖွင့်အတွက် ဒီပွဲထွက်လူစာရင်းကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ဆက်သွားရပါလိမ့်မယ်”လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

မန်စီးတီးအနေဖြင့် အူနိုင်းအမ်မရီရဲ့အသင်းကို ပြတ်ပြတ်သားသားအနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ဟာလန်းကို လက်လွှတ်ခဲ့ရပေမယ့် လာမယ့်ပွဲစဉ်တွေမှာတော့ တိုက်စစ်မှူးရဲ့အကောင်းဆုံး ပုံစံတွေ ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။ မန်စီးတီးက လာမယ့်စနေနေ့၊ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်အတွက် ဘာနေဗျူးဆီ ခရီးဆက်ရပါမယ်။

#အက်စတွန်ဗီလာ #ဂွါဒီယိုလာ #ဟာလန်း #ပရီးမီးယားလိဂ်