ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဗီလာအတွက် ဆုဖလားအောင်မြင်မှုပဲလို့ ဖွင့်ဟလာတဲ့ ဂိုးသမား မာတီနက်ဇ်

4:45 PM, 3 April

အက်စတွန်ဗီလာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုဟာ ကစားသမား တစ်ဦးအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီကလပ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ TOP 4 နေရာအတွက် တော့တင်ဟမ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေပါတယ်။

အာဂျင်တီးနားကမ္ဘာ့ဖလားဆုရှင် အီမီမာတီနက်ဇ်ကတော့ ဗီလာနဲ့အတူ ဥရောပထိပ်တန်းပြိုင်ပွဲကြီးဆီ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းက ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခြင်းလိုပဲ ဖြစ်လာလိမ့်မယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

DSports Radio နဲ့တွေ့ဆုံချိန် မာတီနက်ဇ်က “ကျွန်တော် ဒီအသင်းဆီ ရောက်ရှိလာပြီးနောက် ကလပ်အသင်းက အလျှင်အမြန်ပဲ တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်ရောက်ရှိလာချိန်မှာ အသင်းက အမှတ်ပေးဇယားအောက်ခြေမှာ ရှိနေခဲ့ပြီး နောက်ပိုင်းမှာ ဇယားအလယ်နားအထိ ရောက်ရှိလာပါတယ်။ ဒီနောက်မှာတော့ ကွန်ဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ လတ်တလောမှာ ကျွန်တော်တို့က ဇယားထိပ်ပိုင်းနေရာအတွက် တိုက်ပွဲဝင်ခဲ့ပြန်ပါတယ်။ ဒဏ်ရာပြဿနာတွေ ပေါ်ပေါက်လာပြီးနောက် ကျွန်တော်တို့အသင်း အနည်းငယ်ကျဆင်းသွားပေမယ့် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ ရှိနေသလို ဥရောပပြိုင်ပွဲတစ်ခုမှာလည်း ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားနိုင်ပါတယ်။ ဒီကလပ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတာ ၄၅ နှစ်တိတိ ရှိခဲ့ပါပြီ။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ်ဆိုရင် ဆုဖလားတစ်လုံးရရှိသွားသလို ဖြစ်နေပါလိမ့်မယ်။ အသင်းကြီးတစ်ခုဆီ ပြောင်းပြီး ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုတာ ပိုပြီးလွယ်ကူပါတယ်။ ဒါပေမယ့် အခုလိုဘယ်သူမှ မထင်မှတ်ထားတဲ့ကလပ်အသင်းတစ်ခုနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲဆင်နွှဲဖို့ဆိုတာ ကျွန်တော့်အတွက် ပိုပြီးဂုဏ်ယူမိစေပါတယ်”လို့ ပြောပါတယ်။

#အက်စတွန်ဗီလာ #မာတီနက်ဇ် #ပရီးမီးယားလိဂ်