ရှေ့သို့
Image

ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ပွဲစဉ်ကို စောင့်ကြည့်ဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အလွန်ဆို

2:32 PM, 3 April

ပြီးခဲ့တဲ့သီတင်းပတ်၊ အိမ်ကွင်းမှာ ဒေါ့မွန်ကို အရေးမနိမ့်ခင်မှာပင် အမှတ်ပေးဇယားဦးဆောင်သူ လေဗာကူဆင်ကို အမီလိုက်နိုင်ဖို့ ဘိုင်ယန်မြူးနစ်ရဲ့ အခွင့်အလမ်းက အလွန်နည်းပါးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်တွေမှာ လေဗာကူဆင်ကလည်း ဟော့ဖန်ဟိမ်းနဲ့ ရင်ဆိုင်ရချိန် နောက်ကျသွင်းဂိုးတွေဖြင့် အနိုင်သုံးမှတ်ကို ထုံးစံအတိုင်း ရှာဖွေသွားခဲ့ပြန်ပါတယ်။ အလွန်ဆိုရဲ့အသင်းက အခုရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာရော၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ နာကျင်အချိန်ပိုသွင်းဂိုးတွေဖြင့် အနိုင်ရလဒ် (သို့မဟုတ်) သရေ ရလဒ် ရယူပြနေတာ အကြိမ်ကြိမ်အခါအခါ ဖြစ်နေပါပြီ။

လက်ရှိအချိန်မှာ အမှတ်ပေးဇယား ဦးဆောင်သူလေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်တို့အကြား ရမှတ်ကွာဟမှု ၁၃ မှတ်အထိ ရှိလာခဲ့ပါပြီ။ ဒေါ့မွန်ကိုရှုံးနိမ့်ပြီးနောက် ဘိုင်ယန်နည်းပြတူချယ်က ဂျာမန်ထိပ်တန်းလိဂ်ချန်ပီယံဆုအတွက် လေဗာကူဆင်ကို ချီးကျူးဂုဏ်ပြုပေးခဲ့ပါတယ်။

လေဗာကူဆင်နဲ့အတူ အံ့ဖွယ်စွမ်းဆောင်ပြနေတဲ့ အလွန်ဆိုကို ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့လို ဥရောပထိပ်တန်းကလပ်တွေက မျက်စိကျလာခဲ့ပြီး ကာယကံရှင်ကိုယ်တိုင်ကတော့ လက်ရှိအသင်းနဲ့ပဲ နောက်တစ်ရာသီ ဆက်ရှိနေမယ်လို့ အတိအလင်းထုတ်ပြောခဲ့ပါတယ်။ ကာလတိုလေးတစ်ခုအတွင်းမှာပဲ ကလပ်အသင်းတစ်ခုကို အခုလိုပြောင်းလဲပေးနိုင်ခဲ့တဲ့ အလွန်ဆိုက ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် မစဉ်းစားနိုင်သေးဘဲ တစ်ပွဲပြီးတစ်ပွဲသာ ဆက်လက်ကျော်ဖြတ်သွားမယ်လို့ ဝန်ခံခဲ့ပေမယ့် ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ပွဲစဉ်ကိုတော့ စောင့်ကြည့်ဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒက်ဆယ်ဒေါ့ဖ်အသင်းနဲ့ရင်ဆိုင်ရမယ့် လေဗာကူဆင်ရဲ့ ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်ရဲ့ကံခေမှုနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အလွန်ဆိုက “အမှန်ပါပဲ၊ ကျွန်တော်လည်း အဲ့ဒီပွဲစဉ်ကို စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ တစ်ရက်တည်း နှစ်ပွဲနိုင်လိုက်သလိုပါပဲ။ အခုအချိန်မှာ ဦးဆောင်ထားနိုင်မှုက အရမ်းအရေးကြီးပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ရှုံးနိမ့်မှုကလည်း အခြေအနေကို နည်းနည်းပိုကောင်းသွားစေပါတယ်။ ကစားဖို့ တစ်ပွဲလျော့သွားချိန်မှာ သုံးမှတ်ထက်ပိုပြီး ရလိုက်သလိုပါပဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

အလွန်ဆိုက သူ့ရဲ့အသင်းဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို လက်တစ်ဖက်လှမ်းနိုင်နေပြီဆိုတာ ကောင်းကောင်းသိပေမယ့် ဒီအောင်မြင်မှုအပေါ် ယစ်မူးပြီး ရှေ့မှာရှိနေတဲ့စိန်ခေါ်မှုတွေနဲ့ မျက်ခြေပြတ်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ လက်ကျန်ပွဲစဉ်တွေမှာ ဘိုင်ယန်မြူးနစ်တို့ အမှတ်တွေလျော့ကျလေလေ၊ လေဗာကူဆင်အတွက် ချန်ပီယံဖြစ်နိုင်ဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်လာပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရဖို့ရှိနေလို့ လေဗာကူဆင်ရဲ့စောစောစီးစီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကိုင်မြှောက်နိုင်မယ့်အခွင့်အလမ်းတွေ တိုးပွားလာစေနိုင်ပါတယ်။

#ဒေါ့မွန် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #အလွန်ဆို