ရှေ့သို့
Image

လီဗာပူးကစားသမားဘ၀ ပွဲဦးထွက်မှာ အနီကတ်ထိလုနီးပါး ဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အာနိုးလ်

1:06 PM, 3 April

လီဗာပူးကြယ်ပွင့် အာနိုးလ်က သူ့ရဲ့ကလပ်ကစားသမားဘဝ ဗွေဆော်ဦးပွဲစဉ်အဖြစ် ၂၀၁၆ ခုနှစ်၊ တော့တင်ဟမ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်း အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း အင်္ဂလန်လက်ရွေးစင်ကစားသမားက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေ အနက် တစ်ဦးအဖြစ် ထင်ရှားလာရင်း ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် အားထားရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အာနိုးလ်ရဲ့ကစားပုံမှာ ရန်လိုမှုလွန်ကဲခြင်းက မြင်တွေ့ရဖို့ခဲယဉ်းလွန်းတဲ့အရာ တစ်ခုဖြစ်ပေမယ့် သူ့ရဲ့ပထမဆုံးလီဗာပူး ပွဲစဉ်မှာတော့ အဲ့ဒီအတိုင်းမဖြစ်ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း တော့တင်ဟမ်နဲ့ရင်ဆိုင်ရတဲ့ လိဂ်ဖလားပွဲစဉ်ကို ပါဝင်ကစားရာမှာ အာနိုးလ်က ပွဲစတင်ချိန်မှာပဲ အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ပြီး ဒါက ပွဲအစငါးမိနစ်အတွင်း အနီကတ်ပြစ်ဒဏ် ရလုနီးပါးအထိ ဦးတည်သွားစေတယ်လို့ ဝန်ခံလိုက်ပါတယ်။

The Athletic သတင်းဌာနအတွက် လီဗာပူး ဂန္တဝင်ကာရေဂါနဲ့အတူ တင်ဆက်တဲ့ ဆွေးနွေးခန်းမှာ အာနိုးလ်က “တော့တင်ဟမ်နဲ့ ရင်ဆိုင်ရတဲ့ ကျွန်တော့်ရဲ့ လီဗာပူးကစားသမားဘ၀ ပွဲဦးထွက်ကို မှတ်မိနေပါသေးတယ်။ ပွဲဦးထွက်ပွဲစဉ်တွေ အကြောင်း လူငယ်ကစားသမားလေးတွေပြောပြမှုနဲ့ သူတို့ ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့သလဲဆိုတာကို ကျွန်တော် နားထောင်ခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကွင်းထဲမှာဆိုရင် အေးအေးဆေးဆေး သက်သောင့်သက်သာ ရှိနေတက်ပေမယ့် ပွဲဦးထွက်ပွဲစဉ်ရဲ့ အဖွင့်ငါးမိနစ်အတွင်းမှာတော့ ကျွန်တော် အနီကတ်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ခံစားချက်တွေက အမြင့်ဆုံးအထိ ရောက်ရှိနေပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ကျွန်တော် ကွင်းတွင်းမှထွက်ခွာလာချိန် နည်းပြကြီးရဲ့ ပွေ့ဖက်နှုတ်ဆက်မှုကိုလည်း မှတ်မိနေပါသေးတယ်။ နောက်တစ်ကြိမ်ကွင်းထဲမှာ ခြေမချရတော့ဘူးဆိုရင်တောင် လီဗာပူးအတွက် ငါ ကစားပေးနိုင်ခဲ့ပြီလို့ တွေးနေခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အာနိုးလ်က သူ့ရဲ့ကစားသမားဘဝ တည်ဆောက်မှုအတွက် မိသားစုဝင်တွေ၊ ယာဂန်ကလော့ပ်နဲ့ လီဗာပူးအသင်းတာဝန်ရှိသူတွေကိုပါ ချီးကျူးပြောဆိုခဲ့ပါတယ်။

သူ့အပေါ်လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေအကြောင်း မေးမြန်းရာမှာ အာနိုးလ်က “ကွင်းပြင်ပမှာဆိုရင် ကျွန်တော့်ရဲ့ညီအစ်ကိုတွေနဲ့ မိဘနှစ်ပါးပါပဲ။ အောင်မြင်မှုတွေ လျှင်လျှင်မြန်မြန်ရရှိလာချိန်မှာတောင် ကျွန်တော့်ကို ယုံကြည်မှုမလွန်ကဲအောင် ထိန်းသိမ်းပေးခဲ့ပါတယ်။ နောက်ပြီးတော့ နည်းပြကြီးယာဂန်ကလော့ပ်၊ လက်ထောက်နည်းပြ ပက်လင်းဒါးစ်နဲ့ အကယ်ဒမီဒါရိုက်တာ အင်္ဂလီသရုတို့ပါပဲ။ သူတို့အားလုံးက ကျွန်တော်ရဲ့ပွဲချဉ်းကပ်မှုပုံစံအပေါ် လွှမ်းမိုးမှု အလွန်ကြီးမားပါတယ်။ ချုပ်ပြောရရင်တော့ သူတို့ကပဲ ကျွန်တော့်ကို ဘောလုံးသမားတစ်ဦးအဖြစ် ပုံသွင်းပေးခဲ့ပါတယ်။ လူငယ်ကစားသမားတစ်ဦးအဖြစ် အခွင့်အရေးပေးဖို့ အမြဲတမ်းတောင်းဆိုနိုင်ပြီး နည်းပြကလည်း ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအခွင့်အရေးကို အသုံးချဖို့နဲ့ ကလော့ပ်ရဲ့ယုံကြည်မှုကို ရယူနိုင်ဖို့က ကျွန်တော်နဲ့ပဲ သက်ဆိုင်လာပါတယ်။ မော်ဒန်ဘောလုံးလောကမှာ အငှားထွက်မကစားရဘဲ အကယ်ဒမီမှ စီနီယာအသင်းကြီးဆီ တိုက်ရိုက်ပါဝင်လာနိုင်ဖို့ဆိုတာ အတော်လေးရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါ။ ဒါမျိုးလုပ်ဖို့ မလွယ်ကူပေမယ့် အကောင်းဆုံး ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်နေချိန်တိုင်းမှာ မှန်ကန်တဲ့လူပုဂ္ဂိုလ်တွေက ကျွန်တော့်အတွက် ရှိနေပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာ အင်္ဂလန်ကြယ်ပွင့်က ဒူးဒဏ်ရာကြောင့် ဖေဖော်ဝါရီ လလယ်ပိုင်းစတင်ပြီး လီဗာပူး အသင်းရဲ့နောက်ဆုံး ပွဲစဉ် ၁၀ ခုကို လွဲချော်ခဲ့ပါတယ်။ ကာရာဘောင်ဖလား ဆွတ်ခူးနိုင်ပြီးနောက် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် အောင်ပွဲတွေကို ရှာဖွေနေတဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် အာနိုးလ်က အခုလကုန်ပိုင်းမှာ ပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်