ရှေ့သို့
Image

ဟာလန်းအပေါ် ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ ပက်ဂွါဒီယိုလာ

9:37 AM, 3 April

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ဟာလန်းကို ချီးကျူးရင်း နော်ဝေသားအပေါ် ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီး တိုက်စစ်မှူးရဲ့ ဘောလုံးထိချက် ၂၃ ကြိမ်သာ ရှိခဲ့ပြီး ရွိုင်ကိန်းက ဟာလန်းရဲ့ယေဘုယျကစားပုံဟာ လိဂ်တူးကစားသမားတစ်ဦးသာသာပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ အခုလို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်းရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြက အာဆင်နယ်နဲ့ပွဲစဉ်အတွင်း ဂိုးပေါက်ပျောက်ဆုံးမှုအတွက် ဟာလန်းကို မဝေဖန်သင့်ဘဲ ဝေဖန်သူ ရွိုင်ကိန်းအနေဖြင့် အမှားအယွင်းတစ်ခု ကျူးလွန်လိုက်ပြီလို့ တုံ့ပြန်သွားခဲ့ပါတယ်။

အင်္ဂါနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ရွိုင်ကိန်းရဲ့အမြင်ကို ကျွန်တော် လုံးဝသဘောမတူနိုင်ပါဘူး။ အခုလိုအပြောမျိုးက ရွိုင်ကိန်းဟာ အောက်တန်းလိဂ်နည်းပြတစ်ဦးသာသာပဲ ဖြစ်တယ်လို့ ကျွန်တော်ကိုယ်တိုင်ပြောလိုက်သလိုမျိုးပါပဲ။ ကျွန်တော်ကတော့ အဲ့ဒီလိုမထင်မြင်မိပါဘူး။ ဟာလန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကျွန်တော်တို့အသင်း အောင်မြင်မှုတွေရရှိအောင် ကူညီပေးခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေ အများအပြားမဖန်တီးနိုင်ခဲ့တဲ့ အကြောင်းအရင်းက ဟာလန်းကြောင့်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက ပြိုင်ဘက်ဂိုးဧရိယာခံစစ်ဇုန်ထဲမှာ ကစားသမားအင်အား အသာရနေဖို့ လိုအပ်ခဲ့ပြီး ကျွန်တော်တို့ကိုယ်တိုင် အာဆင်နယ်နဲ့ ထူးခြားတဲ့ ပွဲစဉ်တစ်ခုကို ကစားခဲ့ကြပါတယ်။ ကျွန်တော်လည်း ဒီပွဲစဉ်နဲ့ပတ်သက်လို့ Review လုပ်ပြီးသွားပါပြီ”လို့ ပြောပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်စီးတီးရဲ့သမိုင်းဝင်ဖလား သုံးလုံးအောင်ပွဲမှာ ၅၃ ပွဲကစား၊ ၅၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ ၃၅ ပွဲကစား၊ ၂၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ရွိုင်ကိန်းလို ကစားသမားဟောင်းထံမှ အသက်-၂၃ နှစ်အရွယ်တိုက်စစ်မှူးအပေါ် ဝေဖန်လာမှုကို ကြားသိရလို့ အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံလိုက်ပြီး ကစားသမားဟောင်းတွေ အနေဖြင့် ကွင်းတွင်းအခြေအနေတွေကို ပိုသိထားသင့်တယ်လို့ ပက်ဂွါဒီယိုလာက ဆွေးနွေးလိုက်ပါတယ်။

မန်စီးတီးနည်းပြက “ဘောလုံးမကစားဖူးတဲ့ သတင်းသမားတွေဆီက ဝေဖန်မှုဆိုရင်တော့ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားဟောင်းတွေရဲ့ဝေဖန်မှုကတော့ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ အနားယူသွားတဲ့ဒိုင်လူကြီးတွေက လက်ရှိအလုပ်လုပ်နေတဲ့ ဒိုင်လူကြီးတွေကို ဝေဖန်နေသလိုမျိုးပါပဲ။ ကစားသမားတွေအတွက် ဘောလုံးကစားရတာ ဘယ်လောက်အထိခက်ခဲသလဲ? ဒီလိုဝေဖန်မှုတွေက ကျွန်တော့်ကို အမြဲတမ်းလိုလို အံ့အားသင့်စေပါတယ်။ အသိစိတ်ထဲကနေ အမြန်ဆုံးဖျောက်ဖျက်ပစ်ရပါမယ်။ အခုလက်ရှိကစားသမားတွေရဲ့ပြဿနာတွေက အဲ့ဒီဘောလုံးဝေဖန်သုံးသပ်သူတွေဆီမှာပဲ ရှိနေခဲ့တာပါ။ အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ပြီးနောက် ကစားသမားဟောင်းတွေရဲ့ဝေဖန်သံတွေနဲ့ ကြုံတွေ့လိုက်ရချိန်မှာ လက်ရှိကစားသမားတွေအတွက် အလွန်နာကျင်ရပါတယ်။ ကျွန်တော်ကတော့ ကိုယ်အနားယူသွားချိန်မှာတောင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပတ်သက်ပြီး ဝေဖန်သွားမယ့် လူစားမျိုး မဟုတ်ပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့သရေကျပြီးနောက် မန်စီးတီးက လက်ကျန်ကိုးပွဲ ကစားရဖို့ကျန်ရှိနေသေးချိန် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူး၊ အာဆင်နယ်တို့ရဲ့နောက် အဆင့်-၃ နေရာမှာ ရပ်တည်နေပါတယ်။

#ဂွါဒီယိုလာ #ဟာလန်း #ရွိုင်ကိန်း #ပရီးမီးယားလိဂ်