ရှေ့သို့
Image

ဒဏ်ရာပြဿနာတွေကြောင့် တစ်လနီးပါးစီ အနားယူရတော့မယ့် မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်

8:50 AM, 3 April

ယူနိုက်တက်ခံစစ်မှူးတွေဖြစ်ကြတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ဒဏ်ရာပြဿနာအသီးသီးကြောင့် တစ်လနီးပါးစီ အနားယူရတော့မှာဖြစ်ပြီး ဒီနှစ်ရာသီ ပြန်ကစားနိုင်ပါ့မလားဆိုတာ မသေချာတော့တဲ့ အခြေအနေဖြစ်နေပါတယ်။

လင်ဒီလော့ဖ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲမှု ပြုလုပ်ခဲ့ရပါတယ်။ နည်း​ပြ တန်ဟတ်က ဆွီဒင်သားရဲ့နေရာမှာ မာတီနက်ဇ်ကို လူစားလဲခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ အာဂျင်တီးနားသားလည်း ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ယူနိုက်တက်က မာတီနက်ဇ်ဟာ ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံးတစ်လကြာ အနားယူရတော့မယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။အာဂျင်တီးနား နောက်ခံလူဟာ ယခုနှစ်ရာသီအတွင်း ဒဏ်ရာပြဿနာအမျိုးမျိုးနဲ့သာ ရင်ဆိုင်နေရပြီး အသင်းရဲ့ပွဲစဉ်အများစုကို လွဲချော်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၉ပွဲ၊ ပြိုင်ပွဲစုံ ၁၁ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ "ခံစစ်မှူးတွေဖြစ်ကြတဲ့ လင်ဒီလော့ဖ်နဲ့ မာတီနက်ဇ်တို့ဟာ ကြွက်သားဒဏ်ရာအသီးသီးကြောင့် အနည်းဆုံး တစ်လကြာအနားယူရပါတော့မယ်"လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ပွဲစဉ်တွေမှာ အဓိကခံစစ်မှူးနှစ်ဦးမပါဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ခံစစ်မှာတော့ မက်ဂွါရီ၊ ဗာရာနီ၊ အီဗန်စ်တို့လို ကစားသမားတွေတော့ ကျန်ရှိနေပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #လင်ဒီလော့ဖ် #မာတီနက်ဇ် #ပရီးမီးယားလိဂ်