ရှေ့သို့
Image

တော့တင်ဟမ်ကို အမီလိုက်နိုင်ဖို့ ယူနိုက်တက်ရဲ့အခွင့်အလမ်းအကြောင်း ဆွေးနွေးလာတဲ့ ပိုစတီကိုဂလူ

3:03 PM, 2 April

အခုဘောလုံးရာသီ မကုန်ဆုံးခင် မန်ချက်စတာယူနိုက်တက်ဟာ သူ့ရဲ့အသင်းကို အမီလိုက်လာနိုင်သလား ဆိုတဲ့ မေးခွန်းအပေါ် တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ထုံးစံအတိုင်း ထူးခြားတဲ့တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားပါတယ်။ လက်ရှိမှာ တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရပ်တည်နေပြီး အဆင့်-၄ နေရာရှိ တစ်ပွဲ ပိုကစားထားတဲ့ အက်စတွန်ဗီလာနဲ့ သုံးမှတ်ကွာဟနေပါတယ်။

တော့တင်ဟမ်ရဲ့နောက်မှာ သရဲနီတွေ ရပ်တည်နေပေမယ့် ဒီအသင်းနှစ်ခုအကြား ရမှတ်ကွာဟမှုက ရှစ်မှတ်အထိ ရှိနေပြန်ပါတယ်။ ဒါ့အပြင် ဂိုးကွာခြားချက်အပိုင်းမှာလည်း မြောက်လန်ဒန်ကလပ်က အိုးထရက်ဖို့ဒ်ထက် ၁၈ ဂိုးတိတိ အသာရရှိထားပါတယ်။ နှစ်သင်းလုံးက လက်ကျန် ပွဲစဉ်ကိုးပွဲသာ ကစားရဖို့ ကျန်ရှိနေပြီး ဒီည၊ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် တော့တင်ဟမ်ကို ယူနိုက်တက်တို့ အမီလိုက်နိုင်သလားဆိုတဲ့ မေးခွန်းနဲ့ နည်းပြပိုစတီကိုဂလူ ရင်ဆိုင်လာရပါတယ်။

သြစတြေးလျသားက တော့တင်ဟမ်နဲ့ ယူနိုက်တက်အကြား ရမှတ်ကွာဟနေသလိုပဲ အဆင့်-၃ နေရာရှိ မန်စီးတီးနဲ့ တော့တင်ဟမ်ကြားမှာလည်း ရမှတ်ကွာဟမှု ရှိနေကြောင်း၊ ဘယ်သူကမှ မန်စီးတီးကို တော့တင်ဟမ် အမီလိုက်နိုင်မယ်လို့ ထင်မြင်ထားခြင်းမရှိကြောင်း ပြောဆိုရင်း သတင်းထောက်ကို သတိပေးခဲ့ပါတယ်။

ပိုစတီကိုဂလူက “ခင်ဗျားတို့ရော ကျွန်တော်တို့အသင်း မန်စီးတီးကို အမီလိုက်နိုင်မယ်လို့ ထင်သလား? မထင်ဘူးလား? သူတို့တွေက ကျွန်တော်တို့ရဲ့ရှေ့မှာ ရှစ်မှတ်အထိ အသာရနေတယ်လေ။ ရှစ်မှတ်ကွာဟမှု ရှိနေတယ်ဆိုရင် ခင်ဗျားတို့ကိုယ်တိုင် ကျွန်တော်တို့ရှေ့မှာ ရှစ်မှတ်အသာစီးရထားတဲ့ မန်စီးတီးကို စောင့်ကြည့်နိုင်မယ်လို့ ယူဆနိုင်သလို ယူနိုက်တက်က ကျွန်တော်တို့ကို အမီလိုက်နိုင်မယ်လို့လည်း ထင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့ အခုဘောလုံးရာသီကို အကောင်းဆုံး ပိတ်သိမ်းသွားချင်ပြီး လွန်ခဲ့တဲ့ ၁၂ လတာကာလမှာ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့ အသင်းတစ်ခုအဖြစ် အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်သွားလိုပါတယ်။ လူတွေကတော့ ကျွန်တော်တို့နဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိပြီး မတူကွဲပြားစွာ သုံးသပ်နေကြပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ လူတန်တောင်းကို ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှ နောက်ကလိုက်ကစားကာ သရေကျခဲ့တဲ့ တော့တင်ဟမ်က အခုဘောလုံးရာသီအတွင်း ရှုံးနိမ့်နေတဲ့ အနေအထားမှတဆင့် ရမှတ်ပြန်လည်ရှာဖွေနိုင်မှု ၂၂ မှတ်အထိ ရှိလာခဲ့ပါတယ်။ ဒါက လီဗာပူး (၂၃ မှတ်)ရဲ့နောက်မှာ ဒုတိယအကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။

ပိုစတီကိုဂလူကတော့ စွမ်းဆောင်ရည်ဆိုတာ ပွဲကြိုအစီအမံတွေရဲ့ရှင်းလင်းလွယ်ကူမှုနဲ့သာ သက်ဆိုင်ပြီး ဦးဆောင်ဂိုးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မပြောင်းလဲသွားပါဘူးလို့ သုံးသပ်ခဲ့ပါတယ်။

သူက “ဒါက ကျွန်တော့်ရဲ့နည်းပြဘဝသက်တမ်းတလျှောက်လုံး တသမတ်တည်း ရှိနေခဲ့ပါတယ်။ အစကနဦးအခြေအနေကို ပြန်ပြောရရင် ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ အသင်းအားလုံးမှာ ဒီလိုစိတ်ဓါတ်ပိုင်းမျိုး ရှိပါတယ်။ ဒီစိတ်ဓါတ်ပိုင်းက ပွဲကြိုအစီအမံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းပါတယ်။ ကျွန်တော်ပြောသလိုသာ ကစားနေမယ်ဆိုရင် ပွဲရလဒ်ပိုင်းက ဘာဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ အသင်းအများစုကတော့ ဦးဆောင်ဂိုး ပေးလိုက်ရရင် ပွဲချဉ်းကပ်မှုပုံစံ ပြောင်းလဲကစားတက်ကြပါတယ်။ ကျွန်တော်တို့ကတော့ ရှုံးရှုံးနိုင်နိုင် ဘာမှမပြောင်းလဲပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်လိုပဲ၊ ကျွန်တော်တို့ ဦးဆောင်ဂိုး ပေးလိုက်ရချိန် အခြားအသင်းတွေလို ငါတို့ အခုဘာလုပ်ကြမလဲဆိုပြီး တွေးတောနေတာမျိုး မရှိပါဘူး။ ဦးဆောင်ဂိုးပေးလိုက်ရလည်း ကျွန်တော်တို့ ဆက်သွားနေမှာပါပဲ။ ရလဒ်တစ်ခု ရှာဖွေနေချိန်မှာ ကြံရာမရ၊ ထင်ရာစိုင်းနေတာမျိုး မဖြစ်ရပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ ဆက်လုပ်သွားဖို့ လိုအပ်တာပါ”လို့ ပြောပါတယ်။
#တော့တင်ဟမ် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ