ရှေ့သို့
Image

အီဆက်ကို နွေရာသီမှာ ရောင်းချဖို့ဆန္ဒမရှိဘူးလို့ အခိုင်အမာပြောကြားလာတဲ့ အက်ဒီဟိုဝီ

1:59 PM, 2 April

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက အသင်းရဲ့ အဓိကတိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေသော်လည်း ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့အတူ နယူးကာဆယ်သို့ စတင်ရောက်ရှိလာခဲ့ပြီး ခြေစွမ်းကောင်းကို ပုံမှန်ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။

စနေနေ့က ဝက်စ်ဟမ်းကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အက်ဒီဟိုဝီရဲ့အသင်းအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီဆက်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေတောက်လျှောက်ပြသပြီး ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့ ဆွီဒင်လက်ရွေးစင်ကစားသမားကို အာဆင်နယ်အသင်းက မျက်စိကျနေပြီး ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါမှာတော့ အသင်းနည်းပြ နယူးကာဆယ်က အသင်းရဲ့အဓိက တိုက်စစ်မှူးကို ဘဏ္ဍာရေးလိုအပ်ချက်တစ်ခုတည်းနဲ့တော့ အာဆင်နယ်အသင်းထံ ရောင်းချသွားဖို့ဆန္ဒမရှိဘူးလို့ ပြောကြားလာခဲ့ပါတယ်။

ဟိုဝီက “အီဆက်က အလွန်ထူးချွန်ပြီး ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် နယူးကာဆယ်နဲ့ ဆက်စပ်တဲ့ဘယ်သူမဆို သူ့ကို ဆုံးရှုံးချင်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့ကပွဲမှာလည်း သူအရမ်းကောင်းခဲ့ပါတယ်။ သူ့ရဲ့ ယေဘုယျကစားပုံကိုက အရမ်းကောင်းနေတာပါ။ သူ့ရဲ့အချိတ်အဆက်မိတဲ့ကစားပုံ၊ အားကစားစွမ်းရည်နဲ့ နေရာယူပုံတွေက အံ့မခန်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေကျင်းပချိန်မှာတော့ အီဆက်က အသင်းကနေထွက်ခွာနိုင်ဖို့ရှိတဲ့အကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့ပြီး ကောလာဟဟလတွေကို အရှိန်မြှင့်တင်စေခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ အီဆက်ကို အမိအရခေါ်ယူနိုင်ဖို့ ရှိမရှိကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပြီး ကစားသမားအနေနဲ့လည်း သူ့ရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့်တက်နိုင်ဖို့ အမြင့်ဆုံးမျှော်မှန်းထားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နယူးကာဆယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရမှတ် ၄၃ မှတ်နဲ့ရပ်တည်နေပြီး ရာသီကုန် ဥရောပဝင်ခွင့်ရဖို့အတွက်တောင် ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အက်ဒီဟိုဝီရဲ့အသင်းဟာ တန်ဆင်းမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

#နယူးကာဆယ် #အီဆက် #ဟိုဝီ #ပရီးမီးယားလိဂ်