ရှေ့သို့
Image

လီဗာပူးနဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ စပို့တင်းနည်းပြ အာမိုရင်မ်

1:57 PM, 2 April

စပို့တင်းစီပီနည်းပြ ရူဗင်အာမိုရင်မ်က လီဗာပူးနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို စိတ်ပျက်မိကြောင်းနဲ့ ကလပ်က သူ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

လက်ရှိကောလာဟလတွေအရ ဘိုင်ယန်မြူးနစ်နဲ့ ပေါ်တူဂီလက်ထောက်နည်းပြ အန်တိုနီဘာရီဟာ အာမိုရင်ရဲ့နေရာကို ဆက်ခံမယ့် နည်းပြသစ်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ မကြာသေးမီက လေဗာကူဆင် နည်းပြ ဇာဘီအလွန်ဆိုက လီဗာပူးသို့ပြောင်းရွှေ့မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်မှာ ကလော့ပ်နေရာကို ဆက်ခံမယ့်နည်းပြ စာရင်းမှာ အာမိုရင်မ်ကလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ပါတယ်။

အာမိုရင်မ်အနေနဲ့ လာမယ့်နွေရာသီမှာ အန်ဖီးလ်သို့ ပြောင်းရွှေ့ဖွယ်ရှိမရှိကို အတိအကျအဖြေပေးခဲ့ခြင်းမရှိဘဲ ဒီရာသီမှာ စပို့တင်းနဲ့အတူ ဆုဖလားတွေအတွက် အာရုံစိုက်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။

အာမိုရင်မ်က “ကျွန်တော်အခု စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ တစ်ခုတည်းသောအကြောင်းအရာက ကျွန်တော့်ရဲ့နေရာကို အစားထိုးဖို့ အသင်းမှာ ပြင်ဆင်မှုတွေပြုလုပ်ပြီးဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေပါပဲ။ ဒါက ကျွန်တော့်ကို တော်တော်စိတ်ပျက်စေပါတယ်။ ဒီနေ့ပဲ အသင်းရဲ့အားကစားဒါရိုက်တာက ဒီလိုကောလာဟလတွေကို အာရုံမစိုက်ဘဲ စိတ်အေးအေးထားဖို့ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အသင်းကိုပဲအာရုံစိုက်ထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာမိုရင်မ်က သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေက အသင်းရဲ့ ကစားသမားတွေအပေါ် သက်ရောက်မှုမရှိကြောင်းကို “ကစားသမားတွေက မန်နေဂျာနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဂရိုစိုက်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က စပို့တင်းရဲ့ မန်နေဂျာပါ။ စပို့တင်းမန်နေဂျာကလည်း အသင်းမှာရှိနေတုန်းပါ။ ပြီးတော့ ကျွန်တော်က ဒီနှစ်အမှတ်ပေးဖလားကို ဘယ်လောက်အထိ လိုချင်နေလဲဆိုတာ သူတို့သိပါတယ်။ သူတို့ကိုယ်တိုင်လည်း အရမ်းကို ဆန္ဒပြင်းပြနေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #စပို့တင်း #ပရီးမီးယားလိဂ် #အာမိုရင်