ရှေ့သို့
Image

အိုလံပစ်ပြိုင်ပွဲဝင် အာဂျင်တီးနား လူစာရင်းမှာ မက်ဆီ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ မာတီနက်ဇ်

1:43 PM, 2 April

အာဂျင်တီးနားကြယ်ပွင့် အက်စတွန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်က လာမယ့် ၂၀၂၄ ပြင်သစ်အိုလံပစ်ပြိုင်ပွဲ အတွက် အာဂျင်တီးနား ဘောလုံးအသင်းမှာ လီယွန်နယ်မက်ဆီအပြင် ကြယ်ပွင့်ကစားသမား အများအပြားပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။

အင်တာမီယာမီကြယ်ပွင့်ကစားသမားဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိုလံပစ်ပြိုင်ပွဲမှာ ပြန်လည် ပါဝင်ယှဉ်ပြိုင်လာဖို့ရှိနေတယ်လို့ ယခုနှစ်အစောပိုင်းက သတင်းတွေ ထွက်ပေါ်ထားတာဖြစ်ပါတယ်။ ယခုအခါမှာတော့ မာတီနက်ဇ်က လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်လိုကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး အာဂျင်တီးနား စီနီယာကစားသမားတွေဖြစ်တဲ့ ခရစ်ရှန်ရိုမဲရိုး၊ နီကိုလက်စ် အော်တာမန်ဒီအပါအဝင် အခြားကစားသမားတွေလည်း ပါဝင်ဖို့စိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။

မာတီနက်ဇ်က “ကျွန်တော် နည်းပြနဲ့တော့ စကားပြောဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမယ့် အသိသာကြီးပါ။ ကျွန်တော်က နိုင်ငံ့လက်ရွေးစင် ဂိုးသမားဖြစ်တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံကို ကိုယ်စားပြုချင်တာက ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ ကျွန်တော် ဒီပြိုင်ပွဲရှေ့မှာ ကိုပါအမေရိကဖလားပြိုင်ပွဲကစားဖို့လည်းရှိနေပြီး ကလပ်အသင်းမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဥရောပပြိုင်ပွဲကွာတားဖိုင်နယ်တွေအတွက် ကစားရဦးမှာပါ” “ဒါပေမယ့် အာဂျင်တီးနား အသင်းက အိုလံပစ်ပြိုင်ပွဲအတွက် ကျွန်တော့်ကို လိုချင်တယ်ဆိုရင်တော့ ကစားသွားမှာပါ။ ကလပ်က ခွင့်မပြုရင်တောင် နိုင်ငံအသင်းဆိုတဲ့စိတ်ဓာတ်က ကျွန်တော့်မှာအမြဲတမ်း ရှိနေပါတယ်။ နိုင်ငံအသင်းက ကလပ်ထက်ပိုအရေးကြီးပါတယ်။ ရိုမဲရိုး၊ အော်တာနဲ့ အခြားကစားသမားတွေလည်း ဒီပြိုင်ပွဲမှာ ပါဝင်ချင်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အသက်-၃၁ နှစ်အရွယ် ကစားသမားဟာ အက်စတွန်ဗီလာအသင်းရဲ့ အရေးပါတဲ့ဂိုးသမားအဖြစ် ရပ်တည်ထားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲပေါ်မှာ အာရုံစိုက်နေကာ ကြာသပတေးနေ့မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#အာဂျင်တီးနား #အက်စတွန်ဗီလာ #မက်ဆီ