ရှေ့သို့
Image

လာမိုင်းယာမယ်ဟာ ဘောလုံးခေတ်သစ်တစ်ခုကို ဦးဆောင်နိုင်တယ်လို့ ချီးကျူးလိုက်တဲ့ ဇာဗီ

1:25 PM, 2 April

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က အသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်ဟာ ဘောလုံးခေတ်သစ်တစ်ခုကို ဦးဆောင်နိုင်ကြောင်းနဲ့ လူငယ်ကစားသမားရဲ့ ရင့်ကျက်ပြီး နှိမ့်ချတတ်တဲ့ အကျင့်စရိုက်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ယာမယ်ဟာ အခုမှ အသက်-၁၆ နှစ်သာ ရှိသေးသော်လည်း လက်ရှိဘာစီလိုနာရဲ့ အရေးပါဆုံး ကစားသမားတွေထဲမှ တစ်ဦးအဖြစ်ရပ်တည်ထားနိုင်ပြီး လက်ရှိဘောလုံးလောကမှာ အံဝင်ခွင်ကျဖြစ်ရုံမက ဘောလုံးခေတ်သစ်တစ်ခုကို တည်ဆောက်နိုင်လောက်တဲ့အထိ အရည်အသွေးပြည့်မီနေပြီဖြစ်ကြောင်း ဇာဗီက အခိုင်အမာဆိုခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဇာဗီက “သူက အမြဲတမ်းတည်ငြိမ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သူ့ရဲ့အသက်အရွယ်လေးနဲ့ ဖြစ်လာသမျှကိစ္စရပ်အားလုံးကို ဖြေရှင်းဖို့အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး အကုန်လုံးကို ကျေညက်နေသလိုပါပဲ။ ရင့်ကျက်တဲ့အပြင် တာဝန်ယူမှု တာဝန်ခံမှုကလည်း အမြဲတမ်းရှိပါတယ်။ အရမ်းလည်းနှိမ့်ချပြီး သူမတူတဲ့အကျင့်စရိုက်ရှိသူပါ။ သူက ဘောလုံးလောကရဲ့ခေတ်သစ်ကို အထူးသဖြင့် ဘာစီလိုနာရဲ့ခေတ်သစ်ကို ဦးဆောင်နိုင်တဲ့ ကစားသမားပါ။ ဒီအသင်းမှာ အမြဲတမ်းပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက ပျော်ပျော်နေတတ်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ပြီး အစအနောက်လည်း အတော်သန်တဲ့ကောင်လေးပါ”လို့ ပြောကြားခဲ့ပါတယ်။

ယာမယ်ဟာ အသက်-၁၆ နှစ်အရွယ်သာ ရှိသေးသော်လည်း ဒီရာသီဘာစီလိုနာ ကစားထားတဲ့ လာလီဂါပွဲစဉ် ၃၀ ထဲမှ ၁ ပွဲသာ လွဲချော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း တောင်ပံကစားသမားဟာ ပြိုင်ပွဲစုံ ၆ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးထားတာကြောင့် သူ့ထက်အတွေ့အကြုံရင့် ကစားသမားတွေဖြစ်တဲ့ ဂျိုအိုဖီးလစ်ဇ်၊ ဖာရန်းတောရက်စ်နဲ့ ရာဖင်တို့ထက် အနည်းငယ်သာ လျော့ကျတဲ့အနေအထားမှာရှိနေပါတယ်။

ယာမယ်ဟာ လက်ရှိစပိန်လက်ရွေးစင်အသင်းမှာလည်း ၆ ပွဲအထိ ပါဝင်ကစားခွင့်ရထားပြီး စပိန်အသင်းအတွက်မပါဝင်ခင်မှာ မိဘတွေရဲ့ နိုင်ငံတွေဖြစ်တဲ့ မော်ရိုကိုနဲ့ အီကွေတိုရီရယ်ဂီနီ အသင်းတွေရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ၂၀၂၃-၂၄ ရာသီမှာတော့ ယာမယ်အနေနဲ့ ဘာစီလိုနာအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အောက် ရမှတ် ၈ မှတ်အထိလျော့နည်းနေပြီး လာမယ့် ၂၁ ရက်နေ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အနိုင်ရဖို့ အားထုတ်သွားရမှာဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ယာမယ်လ်