ရှေ့သို့
Image

အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ယုံကြည်နေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂို

4:28 PM, 1 April

ရီးရဲလ်မက်ဒရစ်စတားရိုဒရီဂိုက အမ်ဘာပေကို ပီအက်စ်ဂျီမှ စပိန်နိုင်ငံရဲ့မြို့တော်ကြီးဆီ ခေါ်ယူနိုင်ရေး သဘောတူညီမှုတစ်ခုရရှိရန် နီးစပ်နေပြီလို့ ယုံကြည်နေပေမယ့် ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အခြားအရာတွေထက် မီဒီယာတွေမှာ ဖော်ပြပေးမှုကသာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဘရာဇီးသားက ဒီနေ့မနက်ပိုင်း၊ ဘီလ်ဘာအိုနဲ့ ရင်ဆိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး ရယူပြီး မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အချိန်ကိုက်ရောက်ရှိလာခဲ့ပါတယ်။

ဗင်နီးစီးယက်စ် ပွဲပယ်ပြစ်ဒဏ်ကျခံနေရချိန် ဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာ ရိုဒရီဂိုက ဘယ်ခြမ်းတိုက်စစ်၊ ဘရာဟင်ဒီယက်ဇ်က ညာခြမ်းတိုက်စစ်အတွက် တာဝန်ယူသွားခဲ့ပါတယ်။ အတိတ်တုန်းကလည်း အခုလိုနေရာယူပုံမျိုးနဲ့ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ဒီလိုအချိန်မျိုးမှာ ရိုဒရီဂိုရဲ့ခြေစွမ်း ခုန်တက်သွားတာကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။

ရိုဒရီဂိုက “ကျွန်တော်လည်း အဲ့ဒီအတိုင်း ယူဆမိပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားဟန်ကြောင့်လို့ ထင်ပါတယ်။ အဲ့ဒီနေရာမှာ ဘယ်သူပဲကစားနေပါစေ၊ အမြဲတမ်းလိုလို အခွင့်အရေးရရှိခဲ့ပါတယ်။ ကျွန်တော်လည်း ပျော်ရွှင်နေပြီး ဒီနေ့မှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ညာခြမ်းတိုက်စစ်မှာလည်း အခုလိုမျိုး အကောင်းဆုံးလုပ်သွားချင်ပါတယ်”လို့ ပြောပါတယ်။

ဒီနေရာမှာ အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာပြီဆိုရင် သူ့ကို ဘယ်နေရာမှာ ကစားစေမလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုအချို့လည်း ရှိနေပါတယ်။ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့က ဘယ်ခြမ်းတိုက်စစ်မှာ ကစားနေသလို ဘယ်လင်ဟမ်ကလည်း အခုရာသီ ပွဲစဉ်တချို့မှာ ဘယ်ခြမ်းတိုက်စစ်နေရာဆီ ဝင်ရောက်ကစားပြီး ခြေစွမ်းပြသခဲ့ဖူးပါတယ်။ ရိုဒရီဂိုကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ ယုံကြည်မိကြောင်း ပြောဆိုလာပါတယ်။

ရိုဒရီဂိုက “အမ်ဘာပေရဲ့အကြောင်း ကျွန်တော်ကိုယ်တိုင်လည်း ဘာမှမသိရသေးပါဘူး။ လူတွေ ပြောနေကြသလိုပဲ နီးစပ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ မီဒီယာတွေရဲ့ ဖော်ပြချက်အပေါ်မှာပဲ ယုံကြည်မှုရှိပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ အသင်းအတွက် ကျွန်တော်တို့လည်း ရှိနေလို့ နည်းပြကြီး ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။

လာမယ့်နွေရာသီကာလအတွင်း ရီးရဲလ်မက်ဒရစ်ဆီ အမ်ဘာပေ ဆက်သွယ်လာမယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြသနေပေမယ့် အသက်-၂၅ နှစ်အရွယ် တိုက်စစ်မှူးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဇဝေဇဝါဖြစ်နေဆဲပါပဲ။ ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်အတွင်းမှာလည်း အမ်ဘာပေက ကြေညာဖို့ လိုအပ်လာရင် ကြေညာပေးပါမယ်လို့ ပြောခဲ့ပြန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အပြောင်းအရွှေ့က ပြင်သစ်နဲ့အတူ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲဖို့ လိုလားနေတဲ့ သူ့ရဲ့ဆန္ဒကို ရီးရဲလ်မက်ဒရစ်ဘက်မှ လိုက်လျောပေးနိုင်မှုရှိ၊မရှိအပေါ်မှာလည်း မူတည်နေပြန်ပါတယ်။

#ရိုဒရီဂို #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #အမ်ဘာပေ