ရှေ့သို့
Image

မန်စီးတီးနဲ့ပွဲစဉ်မှာ နည်းပြ အာတီတာရဲ့ပွဲအစီအမံတွေကို ကစားသမားတွေ မလိုက်နာနိုင်ခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ အိုဒီဂတ်

2:57 PM, 1 April

မနေ့ညပိုင်း၊ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အာဆင်နယ်က ခံစစ်ပိုင်းကို မူလစီစဉ်ထားတာထက် ပိုပြီးနက်နက်ရှိုင်းရှိုင်းကာကွယ်သွားခဲ့တယ်လို့ အိုဒီဂတ်က ဖွင့်ဟဝန်ခံလိုက်ပါတယ်။

အာဆင်နယ်ရဲ့ကျစ်လစ်မာကျောတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က မန်စီးတီးကို ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာ ခွင့်ပြုပေးရတဲ့အထိ ကန့်သတ်ထားနိုင်ခဲ့ပြီး ဒါက ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အိမ်ကွင်းမှာ ပက်ဂွါဒီယိုလာရဲ့အသင်း ဂိုးပေါက်ပျောက်ဆုံးရတဲ့ ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း အခုပွဲစဉ်အတွက် အာဆင်နယ်ရဲ့အခွင့်အရေးကောင်းဖန်တီးနိုင်မှုနှုန်း ကန့်သတ်ခံလိုက်ရပြီး မန်စီးတီးက ဂန်းနားတွေရဲ့ တန်ပြန်တိုက်စစ်စတင်နိုင်မယ့် အခွင့်အလမ်းတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို လီဗာပူးတို့ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး အာဆင်နယ်က ဒုတိယနေရာ၊ မန်စီးတီးက တတိယနေရာမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။

မန်စီးတီးနဲ့ရင်ဆိုင်ရချိန် အာဆင်နယ်အနေဖြင့် အခုထက်ပိုပြီး စွန့်စားခဲ့သင့်လားဆိုတဲ့ မေးမြန်းမှုကို အိုဒီဂတ်က “ကျွန်တော်တို့လည်း အဲ့ဒီလိုခံစားချက်မျိုး ရှိပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရရှိထားချိန် အခုထက်ပိုပြီး နည်းနည်းလောက်ပိုကောင်းအောင် လုပ်ခဲ့သင့်တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်။ အထူးသဖြင့် ဘောလုံးပြန်ရချိန် ပွဲကိုထိန်းချုပ်နိုင်ဖို့နဲ့ ဖိအားအောက်ကလွတ်နိုင်ဖို့အရေးမှာ ဦးဆုံးဘောလုံးပေးပို့မှု တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် အပြေးအလွှားနဲ့ ခံစစ်ကစားရတယ်ဆိုရင် ကျွန်တော်တို့က မူလစီစဉ်ထားတာထက် ခံစစ်ကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းကစားမိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် ဘောလုံးပြန်ရချိန်မှာ တော်တော်လေးမောပန်းနေပြီး ဒီလိုပုံစံက ကစားရတာ ခက်ခဲပါတယ်။ ဒီနေ့တော့ မလုပ်နိုင်ခဲ့ပေမယ့် အနာဂတ်အတွက် ဒါက ခြေလှမ်းတစ်ခုပါပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

မန်စီးတီးနဲ့ရင်ဆိုင်ရချိန် တစ်မှတ်ရရှိမှုအပေါ် ကျေနပ်သလားဆိုတဲ့မေးခွန်းကို အိုဒီဂတ်က “အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့တွေ နည်းနည်းတော့ စိတ်ပျက်မိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခုပွဲစဉ်ကို အနိုင်ရရှိချင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အချို့နေရာမှာ အခုထက်ပိုပြီး ကောင်းမွန်အောင် လုပ်နိုင်ခဲ့သင့်တယ်လို့လည်း ခံစားမိပါတယ်။ ခံစားချက်တွေကတော့ ရောပြွန်းနေပါတယ်။ ဒီကွင်းကြီးမှာ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ပြီးခဲ့တဲ့ရာသီပွဲစဉ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် အခုရလဒ်က ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အခုထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်”လို့ ဖြေကြားပါတယ်။

#အာတီတာ #အာဆင်နယ် #အိုဒီဂတ် #ပရီးမီးယားလိဂ်