ရှေ့သို့
Image

ဟာလန်းက လိဂ်တူးကစားသမား တစ်ယောက်လိုပဲလို့ ပြစ်တင်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

2:00 PM, 1 April

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ စိတ်ပျက်စရာသရေပွဲစဉ်အပြီးမှာ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းကို အင်္ဂလန်လိဂ်တူးအဆင့်အတန်းရှိ ကစားသမားတစ်ယောက်လိုပဲလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဟာလန်းကလည်း ယခုပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိတဲ့အပြင် အာဆယ်နယ် နောက်တန်းရဲ့ထိန်းချုပ်မှုအောက်မှာ အလုံးစုံကျရောက်နေပြီး ပုံစံကောင်းပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင် ကစားသမားဟာ တစ်ပွဲလုံးမှာ ဘောလုံးပေးပို့မှု ၇ ကြိမ်သာ ရှိခဲ့တဲ့အထိ စွမ်းဆောင်ရည်နိမ့်ကျခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ဂိုးပေါက်ကန်သွင်းချက်တစ်ကြိမ်မှမပြုလုပ်နိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် ပွဲအပြီးမှာတော့ ရွိုင်ကိန်းက "သူ့ရဲ့ ယေဘုယျကစားပုံက အတော်ပဲညံ့ဖျင်းလွန်းပြီး ဒီနေ့ခေတ်ဘောလုံးကစားပုံနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဖျတ်ဖျတ်လတ်လတ်မရှိသလို ခေါင်းတိုက်ဘောတွေမှာလည်း အားနည်းလွန်းပါတယ်။ ဒါပေမယ့် ဂိုးရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်အခွင့်အရေးရရင်တော့ သူက ကမ္ဘာ့အကောင်းဆုံးပါပဲ " "ဒါပေမယ့် သူ့ရဲ့ယေဘုယျကစားပုံကတော့ အတော်လေး ညံ့ဖျင်းပါတယ်။ သူတိုးတက်မှုတွေရှိဖို့လိုပါတယ်။ သူ့ရဲ့ကစားပုံက လိဂ်တူးက တိုက်စစ်မှူး တစ်ဦးလိုပါပဲ။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ သူ့အနေနဲ့ သူ့ရဲ့ယေဘုယျကစားပုံကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တိုးတက်အောင်လုပ်ဖို့လိုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဟာလန်းကတော့ လက်ရှိပရီးမီးယားလိဂ်ရဲ့ဂိုးသွင်း အများဆုံး ကစားသမားစာရင်းကို ထိပ်ဆုံးကနေဦးဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် မန်စီးတီးရဲ့ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၁ ဂိုးသာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #ဟာလန်း #ရွိုင်ကိန်း #ပရီးမီးယားလိဂ်