ရှေ့သို့
Image

ဝက်ကင်းစ်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ အူနိုင်းအမ်မရီ

3:21 PM, 31 March

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ယမန်နေ့ညက ဝုဗ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး အိုလီဝက်ကင်းစ်ရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 

တိုက်စစ်မှူးဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ အမ်မရီက အတည်ပြုပြောကြားခဲ့ပြီး ဒဏ်ရာပြင်းထန်မယ်ဆိုရင်တော့ အက်စတွန်ဗီလာရဲ့လာမယ့် ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ရှိနေပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေကျင်းပချိန်မှာလည်း အင်္ဂလန်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး ဆက်တိုက်ဆိုသလို ပွဲတွေကစားခဲ့ရတာဖြစ်ပါတယ်။ 


ယခုအခါမှာတော့ အူနိုင်းအမ်မရီက “အိုလီက တံကောက်ကြောဒဏ်ရာရသွားတာပါ။ သူက ဆက်ကစားနိုင်တယ်လို့ပြောပေမယ့် ဆရာဝန်က စွန့်စားမှုမပြုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ မနက်ဖြန်မနက်ခင်းမှာ သူ့ကို အကဲဖြတ်သွားမှာပါ။ ဒဏ်ရာရဲ့အတိုင်းအတာက ဘယ်လောက်အထိရှိသလဲဆိုတာ မသိရသေးပါဘူး။ ဒီလိုဖြစ်သွားတာ ဝမ်းနည်းစရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 


ဗီလာပရိသတ်တွေအနေနဲ့ ဝက်ကင်းစ်ရဲ့ဒဏ်ရာပြင်းထန်မှာကိုစိုးရိမ်နေကြပြီး ကစားသမားရဲ့အခြေအနေကို လာမယ့် အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှသာ အတိအကျသိရှိနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဒဏ်ရာက အနည်းငယ်ပြင်းထန်ပုံပေါ်တာကြောင့် ဝက်ကင်းစ်အနေနဲ့ ကြားရက်က မန်စီးတီးနဲ့ပွဲစဉ်ကို လွဲချော်သွားဖို့များပြီး လာမယ့်အပတ်လောက်မှသာ ပြန်လည်ကစားနိုင်ချေရှိနေပါတယ်။ 


အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုလွဲချော်ခဲ့မယ်ဆိုရင်တော့ ဝက်ကင်းစ်ရဲ့နေရာမှာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျွန်ဒူရန်က အစားထိုးဝင်ရောက်လာဖို့များနေပါတယ်။ ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ  ၂ ပွဲသာပါဝင်ကစားခွင့်ရထားသော်လည်း ခြေစွမ်းကောင်းကိုတော့ ပြသထားနိုင်တာဖြစ်ပါတယ်။ 


#အက်စတွန်ဗီလာ #အမ်မရီ #ဝက်ကင်းစ် #ပရီးမီးယားလိဂ်