ရှေ့သို့
Image

ဘာပေ ပီအက်စ်ဂျီမှာ ဆက်ရှိနေနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ အင်းနရစ်

3:08 PM, 31 March

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က မာဆေးလ်နဲ့ပွဲစဉ်မတိုင်ခင် အင်တာဗျူးတစ်ခုမှာ အသင်းရဲ့စူပါစတား ကီလီယန်အမ်ဘာပေဟာ ပြင်သစ်ကနေထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပြီး အသင်းမှာ ဆက်လက်နေထိုင်နိုင်တဲ့အကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ 


အင်းနရစ်က ဘာပေအနေနဲ့ သူ့စိတ်ကိုယ်သူ ပြောင်းလဲနိုင်မယ်လို့ယုံကြည်ကြောင်းနဲ့ ကစားသမားဟာ လက်ရှိအချိန်အထိ တိကျတဲ့ အနာဂတ်အစီအစဉ်မျိုး ရှိမနေဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ စပိန်သားနည်းပြက “ကျွန်တော်ကတော ကီလီယန်အနေနဲ့ သူ့စိတ်ကိုသူပြောင်းလဲလာနိုင်မယ်လို့မျှော်လင့်ပါတယ်။ သူ အခုချိန်အထိ ဘာမှမပြောရသေးပါဘူး။ သူ့မှာ ပြောင်းလဲပိုင်ခွင့်ရှိနေပါသေးတယ်”


“ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ဖလား ၄ လုံးယူနိုင်ခဲ့မယ်ဆိုရင်တော့ ဘာပေက ပဲရစ်မှာ သူဘယ်လောက်အရေးပါကြောင်းသိရှိပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့အလားအလာရှိနိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 


အင်းနရစ်ရဲ့မှတ်ချက်က ပီအက်စ်ဂျီပရိသတ်တွေနဲ့ ဘာပေရဲ့အနာဂတ်ကို စိတ်ဝင်စားနေတဲ့ အခြားအသင်းတွေအကြား မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာနိုင်သော်လည်း ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေကလည်း အဆက်မပြတ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားဆုရှင်ဟာ စပိန်မြို့တော်ကိုပြောင်းရွှေ့ဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေထွက်ပေါ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်မှာ ဘာပေရဲ့ နိုင်ငံအသင်းဖော်ရီးရဲလ်မက်ဒရစ်ကစားသမား ချူအာမာနီကလည်း ဘာပေဟာ မက်ဒရစ်မြို့ကို ရောက်ရှိတော့မှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။ 


ဒါကြောင့် လက်ရှိအင်းနရစ်ရဲ့ပြောကြားချက်က ပီအက်စ်ဂျီအတွက် အပြုသဘောဆောင်သော်လည်း ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့သာရောက်ရှိနိုင်တယ်လို့ ပိုမိုထင်ကြေးပေးထားကြတာဖြစ်ပါတယ်။ သို့သော်လည်း ဘောလုံးမှာက ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုပဲပြောင်းရွှေ့မလား၊ ပီအက်စ်ဂျီမှာပဲဆက်လက်ကျန်ရှိနေမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 


#ပီအက်စ်ဂျီ #လီဂူးဝမ်း #အင်းနရစ် #အမ်ဘာပေ