ရှေ့သို့
Image

အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ ဘန်ဝှိုက် ဘာကြောင့် ငြင်းဆန်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အာတီတာ

5:14 PM, 30 March

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့နောက်ခံကြယ်ပွင့်ကစားသမား ဘန်ဝှိုက်ရဲ့ အင်္ဂလန်ကစားသမားဘဝကို ခေတ္တဆိုင်းငံ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ကစားသမားဟာ အနာဂတ်မှာ အင်္ဂလန်အတွက်ကစားပေးဖို့ အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်းအဆင့် ဆီနီဂေါနဲ့ပွဲစဉ်မှာကတည်းက နိုင်ငံအသင်းကနေနုတ်ထွက်ခဲ့ပြီး အခုချိန်အထိ ပြန်လည်ပါဝင်ခွင့်မရသေးပါဘူး။ ဘန်ဝှိုက်နဲ့အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်တို့အကြားမှာ ထိုစဉ်ကတည်းက အဖုအထစ်အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အင်္ဂလန်ရဲ့နောက်တန်းလိုအပ်ချက်ကြောင့် ဆောက်ဂိတ်က ဘန်ဝှိုက်ကို ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။

သို့သော်လည်း နောက်ခံလူက ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ခြေစမ်းကစားမယ့် အင်္ဂလန်အသင်းမှာပါဝင်ဖို့ငြင်းဆန်ခဲ့တာကြောင့် ဆောက်ဂိတ်အနေနဲ့ ဒေါသအိုးပေါက်ကွဲခဲ့ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ အင်္ဂလန်အသင်းအတွက်ကစားဖို့ ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာကို ဘန်ဝှိုက်အနေနဲ့ ဖြေရှင်းချက်မပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်္ဂလန်လက်ထောက်နည်းပြ စတိဗ်ဟော်လန်နဲ့ ပြဿနာရှိနေကြောင်ကို အနည်းငယ်ဖော်ပြခဲ့ပါတယ်။

ဆောက်ဂိတ်အနေနဲ့ ဘန်ဝှိုက်အတွက် အင်္ဂလန်အသင်းမှာပါဝင်ဖို့ တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ အသိပေးခဲ့သော်လည်း ဘန်ဝှိုက်ရဲ့နေရာမှာ အစားဝင်နေတဲ့ အခြားကစားသမားတွေရဲ့ တုံ့ပြန်မှုတွေကိုလည်း စိုးရိမ်ရတယ်လို့ပြောကြားခဲ့ပါတယ်။

ဘန်ဝှိုက်ရဲ့ ခက်ခဲတဲ့အခြေအနေပေါ် တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး အာတီတာက “သူ အချစ်တွေအများကြီးရခဲ့ပြီးပြီထင်ပါတယ်။ သူ့ရဲ့အသင်းဖော်တွေနဲ့ ဘောလုံးကွင်းထဲလူတိုင်း သူ့ကိုဘယ်လိုမြင်ကြသလဲဆိုတာ အားလုံးသိကြပါတယ်။ လူတွေက သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားကြပါတယ်။ အခုချိန် အင်္ဂလန်အတွက်မကစားနိုင်ပေမယ့် အနာဂတ်မျာတော့ သူ့နိုင်ငံအတွက် အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းနဲ့ အကျိုးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါက သူ့အပေါ်ပဲမူတည်ပါတယ်”

ဘန်ဝှိုက်အနေနဲ့ အင်္ဂလန်အသင်းအတွက် ကစားဖို့အဆင့်သင့်မဖြစ်ရခြင်းကို သိရှိခြင်းရှိသလားလို့ မေးမြန်းခဲ့ရာ အာတီတာက “ဒါက ကျွန်တော့်အတွက်လည်း မေးခွန်းထုတ်စရာဖြစ်ပြီး ဒါကိုဖြေရမယ့်လူက သူပါပဲ။ သူနဲ့ဆောက်ဂိတ်ကြားမှာ ဘယ်လိုအရာတွေ၊ ဘယ်လိုသဘောတူညီချက်တွေ ရှိနေလဲ ကျွန်တော်မသိပါဘူး။ ဒါက သူတို့နဲ့ပဲ လုံးဝသက်ဆိုင်ပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ သူ့အတွက်အကောင်းဆုံးဖြစ်ချင်ပြီး သူ့အတွက်လည်း အကောင်းဆုံးလုပ်စေချင်ပါတယ်။ လူတိုင်းက အလုပ်ကို ပရော်ဖက်ရှင်နယ်ကျကျလုပ်ဖို့လိုပြီး လေးစားမှုတွေရှိဖို့လည်း လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#အာတီတာ #ဆောက်ဂိတ် #အာဆင်နယ် #ဘန်ဝှိုက် #ပရီးမီးယားလိဂ်