ရှေ့သို့
Image

အာဆင်နယ်နဲ့ အင်္ဂလန်တို့အတွက် မျိုးဆက်သစ်သူရဲကောင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ ဆာကာ

1:48 PM, 30 March

အာဆင်နယ်တောင်ပံကစားသမားလေး ဘူကာယိုဆာကာဟာ အာဆင်နယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို ပိုမိုကောင်းမွန်စွာဦးဆောင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ မျိုးဆက်သစ်သူရဲကောင်းဖြစ်လာဖို့ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ထိပ်တန်းကြယ်ပွင့်ဟာ ကလပ်အသင်းမှာသာမက နိုင်ငံတကာဘောလုံးလောကမှာပါ အကြီးမားဆုံးသောအောင်မြင်မှုတွေဆွတ်ခူးဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။

ကစားသမားဟာ အချိန်တိုအတွင်းမှာ တိုးတက်မှုတွေပြသထားနိုင်ပြီး အာဆင်နယ်ရဲ့ အဓိက ကစားသမားအဖြစ် စွမ်းဆောင်ထားနိုင်ကာ ဂိုးဖန်တီးနိုင်စွမ်းနဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ချီးကျူးမှုတွေ ခံထားရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆာကာဟာ အာဆင်နယ်အသင်းမှာသာမက အင်္ဂလန်မှာလည်း တူညီတဲ့ခြေစွမ်းမျိုးကို ပြသထားနိုင်တာကြောင့် အင်္ဂလန်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ သို့သော်လည်း ဆာကာကတော့ သူ့ကိုယ်သူအမြဲတမ်းနှိမ့်ချလေ့ရှိပြီး ယခုအခါမှာတော့ သူဟာ အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ မျိုးဆက်သစ်သူရဲကောင်းဖြစ်ဖို့ ရည်မှန်းထားကြောင်း အသိပေးခဲ့ပါတယ်။

တောင်ပံကစားသမားက “မျိုးဆက်သစ်သူရဲကောင်းတွေ သူတို့ဘယ်လိုကြုံတွေ့ခဲ့ရလဲ၊ ဘယ်လိုကျော်ဖြတ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့နေရာမှာဝင်ပြီး ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ကျွန်တော့်အရွယ်မှာ သူတို့တုန်းကလည်း အတူတူပါပဲ။ ကျွန်တော် မျိုးဆက်သစ်သူရဲကောင်းဖြစ်ချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုရာသီမှာ ဆာကာဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားပြီး ၁၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားပါတယ်။ ကြယ်ပွင့်ကစားသမားရဲ့စွမ်းဆောင်ချက်တွေနဲ့အတူ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာသာမက ချန်ပီယံလိဂ်မှာပါအခြေအနေကောင်းနေပြီး ဆုဖလား ၂ လုံးစလုံးကိုဆွတ်ခူးနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဆက်လက်ပြီး ဆာကာက “အသက်ကြီးလာလေလေ၊ ဖြစ်နိုင်ချေရှိတဲ့အရာတွေက လှုံ့ဆော်မှုပေးနိုင်လေလေပါပဲ။ ကျွန်တော် အာဆင်နယ်မှာပွဲဦးထွက်ကစား၊ ချန်ပီယံလိဂ်လည်းကစားခွင့်ရခဲ့ပြီး နောက်ပိုင်းမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော့်မှာ အခြားရည်မှန်းချက်တွေရှိပါသေးတယ်။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေလည်းရှိခဲ့ပါတယ်။ ဒါပမယ့်အမြဲတမ်း အကြောက်တရားတွေကို ဖယ်ရှားဖို့ကြိုးစားနေဆဲပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရမှာြဖစ်ပြီး ဆာကာအနေနဲ့ အာတီတာရဲ့အသင်းအတွက် ဘယ်လိုစွမ်းဆောင်သွားနိုင်မလဲဆို စောင့်ကြည့်ရပါမယ်။

#ဆာကာ #အင်္ဂလန် #အာဆင်နယ် #ပရီးမီးယားလိဂ်