ရှေ့သို့
Image

ယူရို၂၀၂၄ပြိုင်ပွဲမှာ မဖြစ်မနေစောင့်ကြည့်သင့်တဲ့ ပွဲစဉ်၆ပွဲ

2:44 PM, 29 March

ယူရို၂၀၂၄ပြိုင်ပွဲဟာ ဇွန်လ၁၄ရက်နေ့ကနေ ပွဲကြီးပွဲကောင်းတွေနဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ အုပ်စုမဲခွဲမှုတွေ၊ ခြေစစ်ပွဲပလေးအော့ဖ်တွေအပြီး အုပ်စုအဆင့်မှာ ပွဲကြီးပွဲကောင်းအချို့ပါဝင်နေပါတယ်။
အဆိုပါပွဲစဉ်တွေထဲကမှ ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ပွဲစဉ်၆ပွဲအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဂျာမနီ - စကော့တလန် (ဇွန်လ၁၄ရက်နေ့၊ မြူးနစ်မြို့)
-------------------------
ယူရို၂၀၂၄ပြိုင်ပွဲဟာ အဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်ကို ရင်ဆိုင်စေပြီး ပွဲကောင်းတစ်ခုနဲ့စတင်ထားခဲ့ပါတယ်။ ယူရိုဖလားကို ၃ကြိမ်ဆွတ်ခူးထားတဲ့ ဂျာမနီအသင်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့ နိုင်ပွဲနဲ့စဖွင့်နိုင်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။
ဒါပေမယ့် ခြေစစ်ပွဲအဆင့်မှာ တစ်ပွဲသာ ရှုံးထားပြီး စပိန်၊ နော်ဝေတို့လိုအသင်းတွေကို အနိုင်ယူထားတဲ့ စကော့တလန်ကို ဂျာမနီတို့ကျော်ဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ စကော့တလန်အသင်းဟာ ဂျာမနီကို နောက်ဆုံး၈ပွဲဆက် အနိုင်မရခဲ့ပေမယ့် လက်ရှိခြေစွမ်းတွေအရ ဒီပွဲက ပွဲကောင်းဖြစ်မယ်ဆိုတာ သေချာပါတယ်။

စပိန် - အီတလီ (ဇွန်လ၂၀ရက်နေ့၊ဂျယ်ဆန်ကာချန်မြို့)
----------------------------
အသင်းကြီးနှစ်သင်းဟာ ယူရိုပြိုင်ပွဲမှာ ၅ကြိမ်ဆက်ရင်ဆိုင်ကြခြင်းဖြစ်ပြီး ပွဲကြီးပွဲကောင်းဖြစ်လာဖို့ရှိနေပါတယ်။
စပိန်အသင်းဟာ ယူရို၂၀၁၂ဗိုလ်လုပွဲမှာ အီတလီကို ၄ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒီပွဲမှာလည်း အနိုင်ရဖို့ ရေပန်းစားနေပါတယ်။ စပိန်မှာ ရိုဒရီ၊ ပက်ဒရီတို့လို နာမည်ကျော်ကြယ်ပွင့်တွေ ပိုင်ဆိုင်ထားသလို ယာမယ်လ်လိုမျိုး စွမ်းဆောင်ရည်မြင့် လူငယ်ကစားသမားတွေရှိနေပါတယ်။
လက်ရှိချန်ပီယံအီတလီအသင်းက ကံကောင်းပြီး ပလေးအော့ဖ်မရောက်ခဲ့တာဖြစ်သလို နည်းပြ စပယ်လက်တီလက်ထက် ခြေစွမ်းပြန်ပြလာတာကြောင့် ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ဒိန်းမတ် - အင်္ဂလန် (ဇွန်လ၂၀ရက်နေ့၊ ဖရန့်ဖတ်မြို့)
-------------------------------
ဒိန်းမတ်အသင်းဟာ ယူရို၂၀၂၀ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကို အချိန်ပိုအတွင်း ၂-၁ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဒီပွဲမှာတော့ မတူညီတဲ့ရလဒ်တစ်ခုရဖို့ မျှော်လင့်နေပါတယ်။
နှစ်သင်းစလုံးက အုပ်စုပထမနေရာကနေ ဒီအဆင့်ကိုရောက်လာတာဖြစ်ပြီး အင်္ဂလန်က အုပ်စုCမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့ပါတယ်။ ယုံကြည်မှုတွေပြည့်နှက်နေတဲ့၂သင်းဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့လည်း မျှော်လင့်ထားကြမှာ သေချာပါတယ်။
ခုနက စပိန်-အီတလီပွဲလိုပဲ ဒီပွဲက ဇွန်လ၂၀ရက်နေ့မှာ မဖြစ်မနေစောင့်ကြည့်ရမယ့်ပွဲစဉ်တွေထဲ ပါဝင်ပါတယ်။

နယ်သာလန် - ပြင်သစ် (ဇွန်လ၂၁ရက်နေ့၊ လိုက်ပ်ဇစ်မြို့)
------------------------
၁၉၈၈ခုနှစ်က ယူရိုချန်ပီယံ နယ်သာလန်အသင်းဟာ ၁၉၈၄၊ ၂၀၀၀ပြည့်နှစ်တွေက ချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နယ်သာလန်အသင်းဟာ ၂၀၀၄ခုနှစ်နောက်ပိုင်း ယူရိုမှာ ကွာတားမကျော်တော့ပေမယ့် ဗန်ဒိုက်၊ ဇာဘီဆိုင်မွန်၊ ဂတ်တိုတို့လိုကစားသမားမျိုးတွေရှိနေတာကြောင့် ဒီနှစ်မှာ ပိုကောင်းတဲ့အဆင့်တစ်ခုရောက်ဖို့ မျှော်လင့်ရပါတယ်။
ပြင်သစ်ကတော့ ယူရို၂၀၂၀တုန်းက ၁၆သင်းအဆင့်ပွဲစဉ်မှာ ဆွစ်ဇာလန်ကို  ပင်နယ်တီအဆုံးအဖြတ်နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အမ်ဘာပေရဲ့ဦးဆောင်မှုနဲ့အတူ ၂၀၁၆ကမ္ဘာ့ဖလားတုန်းကလို ဗိုလ်လုပွဲလောက်ထိရောက်ဖို့ မျှော်မှန်ထားပါတယ်။

ဘယ်လ်ဂျီယံ - ရိုမေးနီးယား (ဇွန်လ၂၂ရက်နေ့၊ ကိုလုံးမြို့)
---------------------------
ဘယ်လ်ဂျီယံအသင်းဟာ ယူရိုခြေစစ်ပွဲမှာ လူကာကူရဲ့ဂိုးသွင်းစံချိန်တင်မှုနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့သလိုပဲ ပြိုင်ပွဲကြီးမှာလည်း ရလဒ်ကောင်းတစ်ခုထွက်ဖို့ မျှော်လင့်ထားပါတယ်။
ယူရို၂၀၂၀မှာ ခြေစစ်ပွဲမအောင်ခဲ့တဲ့ ရိုမေးနီးယားအသင်းဟာ ယူရိုပြိုင်ပွဲမှာ ၆ကြိမ်မြောက်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၀ခုနစ်တုန်းကတော့ ရိုမေးနီးယားဟာ အင်္ဂလန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ပါဝင်တဲ့ အုပ်စုကျပ်ထဲကနေ အုပ်စုတက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တူရကီ - ပေါ်တူဂီ (ဇွန်လ၂၂ရက်နေ့၊ ဒေါ့မွန်မြို့)
---------------------------
ဒီပြိုင်ပွဲဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်သွားနိုင်ပါတယ်။
ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ယူရိုခြေစစ်ပွဲ အုပ်စုအဆင့်မှာ ၁၀ပွဲစလုံးကို အနိုင်ကစားပြီး ခြေစစ်ပွဲအောင်ခဲ့သလို ရော်နယ်ဒိုကလည်း လူကာကူရဲ့နောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တူရကီအသင်းမှာလည်း အရည်အသွေးပြည့်၀တဲ့ လူငယ်ကစားသမားအများအပြားရှိနေတဲ့အတွက် ပေါ်တူဂီကို ဒုက္ခပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

#အီတလီ #တူရကီ #ဂျာမနီ #စပိန် #ယူရို၂၀၂၄