ရှေ့သို့
Image

ယူရို ၁ သန်း အာမခံငွေနဲ့ ထောင်ကထွက်လာပြီးနောက် ပေါင် ၄.၅ သန်းတန်အိမ်ကြီးမှာ မနက် ၅ နာရီအထိ ပါတီပေးခဲ့တဲ့ ဒန်နီအဲလ်ဗက်စ်

2:17 PM, 29 March

မုဒိမ်းမှုကြောင့် ယူရို ၁ သန်းအာမခံငွေပေးခဲ့ရပြီးနောက် ထောင်ကနေလွတ်မြောက်လာခဲ့တဲ့ ဘာစီလိုနာနောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်ဟာ သူ့ရဲ့အိမ်ကိုပြန်ရောက်ရောက်ချင်းမှာပဲ လွတ်လပ်ရေးနေ့အဖြစ် မနက် ၅ နာရီအထိပါတီကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်ဟောင်းဟာ အာမခံယူရိုငွေ ၁ သန်းပေးဆောင်ပြီးနောက်ပိုင်း ၄ ပတ်အကြာမှာပဲ ထောင်ကနေလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ဒီဇင်ဘာလမှာ နိုက်ကလပ်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးကိုမုဒိမ်းကျင့်ခဲ့တာကြောင့် ထောင်ဒဏ် ၄ နှစ်ခွဲအထိ ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ စီရင်ချက်ကို အယူခံဝင်နိုင်ခဲ့တာကြောင့် ထောင်ဒဏ်ကနေလွတ်မြောက်ခဲ့ပြီး ဒဏ်ငွေနဲ့သာ အမှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် အဲလ်ဗက်စ်ဟာ သူ့ရဲ့ဇနီးဟောင်း ဂျိုအာနာဆန်းဇ်နဲ့အတူ သူပိုင်ဆိုင်နေဆဲဖြစ်တဲ့ အိမ်တစ်လုံးမှာ ဖခင်ရဲ့မွေးနေ့ပါတီကို ညလုံးပေါက်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ အဲလ်ဗက်စ်ထံကို လူနှစ်ယောက်ရောက်ရှိလာခဲ့ပြီး အဆိုပါလူ ၂ ဦးဟာ ဂျာနယ်လစ်တွေရဲ့မေးခွန်းတွေကို ဖြေကြားခဲ့ခြင်းမရှိသော်လည်း အဲဗက်စ်ရဲ့ ဘောလုံးသမား သူငယ်ချင်းတွေဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ထိုနေ့ ညနေပိုင်းမှာတော့ အဲလ်ဗက်စ်ဟာ ဟမ်ဘာဂါတွေအများအပြားကို မှာယူထားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကစားသမားဟောင်းဟာ ယူရိုငွေ ၁ သန်း ဒဏ်ကြေးအပြင် သောကြာနေ့တိုင်း ရုံးထုတ်ခံရသွားရမယ်လို့လည်းသိရပါတယ်။ ကစားသမားဟာ စပိန်နဲ့ ဘရာဇီးနိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆိုင်ထားတာကြောင့် စပိန်မြေကနေ ထွက်ပြေးလို့မရပါဘူး။ အဲလ်ဗက်စ်ဟာ တရားရင်ဆိုင်ရချိန်မှာလည်း မုဒိမ်းမှုကိုကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ၂ ဦး ၂ ဖက် သဘောတူညီချက်အတိုင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

သို့သော်လည်း ကျူးလွန်ခံရတဲ့အမျိုးသမီးကတော့ အဲလ်ဗက်စ်ဟာ သူမကို နိုက်ကလပ်ရဲ့ သီးသန့်ရေချိုးခန်းထဲမှာ အတင်းအကျပ် ကျူးလွန်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ ရှေ့နေဖြစ်သူ အက်စတာဂါစီယာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားသမားကို အာမခံပေးခဲ့တဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဂါစီယာက “ကျွန်မ အရမ်းအံ့ဩပြီး ဒေါသလည်းထွက်မိပါတယ်။ ချမ်းသာတဲ့လူတွေက တရားမျှတမှုက ဒီလိုပဲဖြစ်ပါလိမ့်မယ်။ ယူရို ၁ သန်းကို တစ်စက္ကန့်လောက်အတွင်းမှာရှာနိုင်တဲ့လူတစ်ယောက်ကို ဒီလိုလွယ်လွယ်လွှတ်ပေးလိုက်တာက ကဲ့ရဲ့စရာတစ်ခုပါ။ ကျွန်မက‌တော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လုံးဝမကျေနပ်ပါဘူး။ တရားဥပဒေနဲ့မညီဘူးလို့ ယုံကြည်လို့ အယူခံဝင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အဲလ်ဗက်စ်