ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်နဲ့ သက်တမ်းမတိုးဘဲ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အယ်ဖွန်ဆိုဒေးဗီးစ်

2:14 PM, 29 March

ဘိုင်ယန်မြူးနစ်ညာနောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လျစ်လျူရှုထားပြီး ရီးရဲလ်မက်ဒရစ်သို့သာ ပြောင်းရွှေ့ဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ နီဒယ်လ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့ ညှိနှိုင်းရေးပြုလုပ်ရာမှာ အဆင်မပြေဖြစ်နေတာကြောင့် ဒေဗီးစ်ရဲ့အနာဂတ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ နီးစပ်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက်-၂၂ နှစ်အရွယ် ကနေဒါလက်ရွေးစင် ကစားသမားဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဒီလအကုန်မှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်လိုနေတာ ဖြစ်ပါတယ်။ သို့သော်လည်း ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ကမ်းလှမ်းချက်ကို ဒေးဗီးစ်အနေနဲ့ သဘောတူညီခြင်းမရှိဘူးဆိုရင်တော့ အသင်းကနေ ရောင်းထုတ်သွားမှာဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းအသိပေးထားပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ကစားသမားရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေပြီး နွေရာသီမှာ အခွင်အရေးယူဖို့ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကစားသမားရဲ့အခြေအနေအပေါ် ဘိုင်ယန်မြူးနစ်ရဲ့ စီမံခန့်ခွဲပုံနဲ့ပတ်သက်ပြီး ဒေးဗီးစ်ရဲ့အေးဂျင့်က “သူတို့ ဒေးဗီးစ်အပေါ်ကို ဒီလိုဆက်ဆံတာမကောင်းပါဘူး။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက သဘောတူညီမှုရဖို့ နီးစပ်ခဲ့တာပါ။ ပြီးတော့ သူတို့ အစီအစဉ်ကို လုံးဝပြောင်းလဲလိုက်ပါတယ်။ ကျွန်တော်တို့ ဒီအကြောင်းကို ၇ လလောက် ကြာတဲ့အထိ မသိခဲ့ရပါဘူး။ အခုတော့ ကျွန်တော်ကိုယ်တိုင် ကလပ်ကိုဆက်သွယ်နေပါပြီ။ သူတို့က ဒေးဗီးစ်ကို ရာဇသံပေးထားပြီး ဒါကလုံးဝမတရားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ ကစားသမားကို တစ်နှစ်လုပ်ခ ယူရို ၁၄ သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားသော်လည်း ကစားသမားရဲ့အေးဂျင့်ဘက်ကတော့ ယူရိုသန်း ၂၀ အထိ လိုချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ကစားသမားကို အပြောင်းအလဲမရှိလိုချင်နေတာဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှာ ပါဝင်နေတဲ့ ဒေးဗီးစ်အနေနဲ့ စပိန်မြို့တော်သို့ပြောင်းရွှေ့မယ်ဆိုရင်တော့ လစာက အခုထက် ၂ ဆလောက်အထိ ရနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။

#ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဒေးဗီးစ် #ဘိုင်ယန်မြူးနစ်