ရှေ့သို့
Image

လာဗီယာဟာ ဆောက်သမ်တန်ကနေ ရောက်လာကတည်းက ဒဏ်ရာပြဿနာ ရှိနေတာဖြစ်တယ်လို့ ထုတ်ပြောလာတဲ့ ပိုချက်တီနို

1:57 PM, 29 March

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီက အသင်းရဲ့ကွင်းလယ်လူ ရိုမီရိုလာဗီယာဟာ ဆောက်သမ်တန်ကနေ အသင်းကို စရောက်လာကတည်းက ဒဏ်ရာပြဿနာရှိနေခဲ့ပြီး အခုချိန်မှာတော့ ဒဏ်ရာတွေ ပိုမိုရှုပ်ထွေးလာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

လက်ရှိ ၂၀၂၃-၂၄ ရာသီမှာ ချဲလ်ဆီးဟာ ဒဏ်ရာပြဿနာအများအပြားနဲ့ကြုံတွေ့နေရပြီး အထူးသဖြင့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရီစီဂျိမ်းစ်၊ ခရစ္စတိုဖာအန်ကွန်ကူနဲ့ ရော်ဘတ်တိုဆန်းချက်ဇ်တို့ဟာ ဒဏ်ရာတွေကြောင့် ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီမှာ ဆောက်သမ်တန်ကနေ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပေါင် ၅၃ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လာဗီယာကလည်း ဒဏ်ရာပြဿနာရှိနေတဲ့အပြင် နောက်ပိုင်းမှာတော့ ခြေကျင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

ကစားသမားဟာ သူ့ရဲ့ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးပွဲစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် ကျန်တဲ့ရာသီဝက်ကို လွဲချော်ဖို့အလားအလာရှိနေတာဖြစ်ပါတယ်။

ယခုအခါ လာဗီယာရဲ့ လက်ရှိဒဏ်ရာဟာ ဆောက်သမ်တန်မှာ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ တူညီမှုရှိမရှိမေးမြန်းခဲ့ရာ ပိုချက်တီနိုက “မဟုတ်ပါဘူး။ ဒါကဒဏ်ရာအသစ်ပါ။ ကျွန်တော်က ဆရာဝန်မဟုတ်တော့ အသေးစိတ်အချက်အလက်ကိုပြောနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် သူအသင်းကိုရောက်လာတဲ့ ၉ လအတွင်းမှာ ကျွန်တော်တို့နဲ့ ရက်သတ္တပတ်အနည်းငယ်သာ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ သူ စရောက်လာကတည်းက အသင်းနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်ပါဘူး။ ဒဏ်ရာပြဿနာနဲ့အတူ အသင်းကို ရောက်လာခဲ့တာပါ။ တင်ပါးဒဏ်ရာလားဘာလားတော့ ကျွန်တော်မမှတ်မိတော့ပါဘူး။ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းဆင်းပြီးနောက်ပိုင်းမှာ သူ ဝုဗ်နဲ့ပွဲအတွက်ပါဝင်ဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ပွဲမထွက်ခဲ့ပါဘူး။ ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ မိနစ် ၃၀ ကစားပြီး အခုချိန်အထိ အနားယူနေရဆဲပါ။ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးဆင်းနိုင်ဖို့ အလားအလာတော့ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ဒဏ်ရာပြဿနာဟာ အတော်ပဲကြီးမားနေပြီး နောက်ထပ်ကစားသမားတွေဖြစ်တဲ့ ချာလိုဘက်၊ ချူကွေမီကာနဲ့ ဆန်းချက်ဇ်တို့ကလည်း အခုချိန်မှာ ကစားနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ပိုချက်တီနိုက ဒီလို ဒဏ်ရာပြဿနာမျိုးဟာ သူ့ရဲ့နည်းပြဘဝမှာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဂျင်တီးနားသားက “အရင်တုန်းက ဒီလိုမျိုး မကြုံဖူးပါဘူး။ ကျွန်တော့်ရဲ့နည်းပြသက်တမ်း ၁၅ နှစ်အတွင်းမှာ အခုလိုအခြေအနေက ပထမဆုံးပါပဲ” လို့ပြောကြားခဲ့ပါတယ်။ လာဗီယာကလည်း သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေထံကို အင်စတာဂရမ်မှတစ်ဆင့် အသိပေးခဲ့ပြီး ဒဏ်ရာကနေ ပြန်လာဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပိုချက်တီနိုရဲ့အသင်းဟာ ဘန်လေကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံးပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဆောက်သမ်တန် #ပိုချက်တီနို #ပရီးမီးယားလိဂ် #လာဗီယာ