ရှေ့သို့
Image

အင်တာမီယာမီသို့ ရောက်ရှိလာပြီးနောက် ပြောင်းရွှေ့ကြေးတန်ဖိုးကျဆင်းသွားတဲ့ မက်ဆီ

1:49 PM, 29 March

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ အသင်းသို့စတင်ရောက်ရှိလာကတည်းက ဈေးကွက်တန်ဖိုးကျဆင်းသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အပြောင်းအရွှေ့ဈေးကွက်တွေကနေ ကမ္ဘာကျော်ကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး ထိုစဉ်က ကမ္ဘာ့ဖလားဆုရှင်မက်ဆီဟာ ပေါင်သန်း ၃၀ တန်ကြေးရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ တန်ဖိုးလျော့ကျသွားခဲ့ပြီး ပေါင် ၂၅ သန်းသာ ရှိတော့တယ်လို့သိရပါတယ်။ သို့သော်လည်း ဒီလိုကျဆင်းသွားရခြင်းမှာ အာဂျင်တီးနားသားရဲ့ ဒဏ်ရာပြဿနာအခြေအနေ၊ အသက်အရွယ်နဲ့ အမေရိကန်ဘောလုံးလောကသို့ ဝင်ရောက်လာခြင်းတွေအပေါ်မူတည်နေတယ်လို့ ကောက်ချက်ချထားကြပါတယ်။

အသက်-၃၆ နှစ်အရွယ် ကစားသမားဟာ အင်တာမီယာမီသို့စတင်ရောက်ရှိလာပြီး ပထမဆုံး ၃ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းမှာ‌တော့ ဒဏ်ရာကြောင့် ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်မေဂျာလိဂ်မှာ စုစုပေါင်း ၆ ပွဲကစားခဲ့ပြီး ၅ ပွဲကိုတော့ ကြွက်သားဒဏ်ရာကြောင့်လွဲချော်ခဲ့တယ်လို့သိရပါတယ်။

မြောက်အမေရိက ကစားသမားဈေးကွက်ချုပ်ကိုင်သူ ဒိုမီနစ်ဘက်ကာက “မက်ဆီက မေဂျာလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်နေဆဲဖြစ်ပြီး သူ့အသက်အရွယ်အရဆိုရင် လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ ဒါပေမယ့် အသက်အရွယ်က မက်ဆီလိုကစားသမားအတွက်တောင် ထည့်တွက်စရာအခြေအနေဖြစ်လာပါတယ်။ ပြီးတော့ ဒဏ်ရာအသေးအမွှားလေးတွေနဲ့ ဘောလုံးအဆင့်အတန်းတွေကလည်း ရှောင်လွှဲလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယော့ခ်စီးတီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မက်ဆီအနေနဲ့ ပါဝင်လာဖို့ရှိမရှိကိုတော့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။

#မက်ဆီ #အင်တာမီယာမီ