ရှေ့သို့
Image

လောင်းကစားစည်းမျဉ်းဖောက်ဖျက်မှုကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရတဲ့ တိုနာလီ

1:21 PM, 29 March

နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့စွဲချက်တင်ခြင်းကို ခံထားရတယ်လို့သိရပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ အီတလီမှာကစားနေစဉ် လောင်းကစားစည်းမျဉ်းချိုးဖောက်ပြီး ဘောလုံးပွဲလောင်းခဲ့တာကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလက အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၀ လကြာ ဘောလုံးကစားခြင်းမှ တားမြစ်ခံထားရတာဖြစ်ပါတယ်။

တိုနာလီဟာ ပြီးခဲ့တဲ့နွေရာသီ ဇူလိုင်လမှာ အေစီမီလန်ကနေ နယူးကာဆယ်သို့ ပေါင် ၅၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အက်ဖ်အေက တိုနာလီဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အတွင်း လောင်းကစားမှု ၅၀ အထိပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ကနဦးမှာ ကစားသမားဟာ သူ့ရဲ့အသင်းဟောင်းတွေဖြစ်တဲ့ အေစီမီလန်နဲ့ ဘရက်ရှာအသင်းတွေကနေ တားမြစ်ခြင်းခံထားရတာဖြစ်သော်လည်း နောက်ပိုင်းမှာတော့ အီတလီဘောလုံးအဖွဲ့ချုပ်က တားမြစ်ခြင်းကို ကမ္ဘာတစ်ဝှမ်းသို့ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ကစားသမားဟာ နယူးကာဆယ်ကစားသမားဘဝသို့ရောက်ရှိခဲ့သော်လည်း အက်ဖ်အေရဲ့ သီးခြားစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ နယူးကာဆယ်က “ဆန်ဒရိုက သက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝပူးပေါင်းဆောင်ရွက်နေပြီး ကလပ်ရဲ့ထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

တိုနာလီဟာ ၁၀ လကြာပိတ်ပင်ခံထားရတာကြောင့် လာမယ့် ဩဂုတ်လအထိ ကစားခွင့်ရဦးမှာမဟုတ်ဘဲ ၂၀၂၄ ယူရိုပြိုင်ပွဲကိုလည်း လွဲချော်သွားမှာဖြစ်ပါတယ်။ ဒဏ်ကြေးငွေ ယူရို ၂ သောင်းအထိချမှတ်ခံခဲ့ရတဲ့ အီတလီလက်ရွေးစင်ကစားသမားဟာ ပထမက ၁၈ လကြာအထိ ပိတ်ပင်ခံခဲ့ရသော်လည်း အယူခံဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ၈ လ လျှော့ပေါ့ခံခဲ့ရပါတယ်။ ပြစ်ဒဏ်တွေထဲမှာ ကစားသမားအနေနဲ့ အီတလီနိုင်ငံရဲ့ ပွဲစဉ် ၁၆ ပွဲလောက်ကိုသွားရောက်ပြီး လူငယ်တွေကို လောင်းကစားခြင်းရဲ့အန္တရာယ်အကြောင်းကို ပြောပြသွားရဦးမယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကစားသမားဟာ ပွဲစဉ်တွေကစားနိုင်ခြင်းမရှိသေးသော်လည်း နယူးကာဆယ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ခွင့်တော့ ရရှိထားပါတယ်။ လက်ရှိ အက်ဖ်အေရဲ့စွဲချက်တွေကိုတုံ့ပြန်ဖို့ ဧပြီလ ၅ ရက်နေ့အထိ အချိန်ရှိနေတဲ့တိုနာလီဟာ နယူးကာဆယ်သို့စတင်ရောက်ရှိလာပြီးကတည်းက အခုချိန်အထိ အက်ဒီဟိုဝီရဲ့အသင်းအတွက် စုစုပေါင်း ၁၂ ပွဲသာ ပါဝင်ကစားထားတာဖြစ်ပါတယ်။

#တိုနာလီ #နယူးကာဆယ် #အက်ဖ်အေ #ပရီးမီးယားလိဂ်