ရှေ့သို့
Image

ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပယ်လ်မာကို ဘာကြောင့် အသုံးမပြုခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဆောက်ဂိတ်

1:04 PM, 28 March

အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က အသင်းရဲ့လူငယ်ကွင်းလယ်လူ ကိုးလ်ပယ်လ်မာကို ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ဘာကြောင့် ကစားခွင့်မပြုခဲ့သလဲဆိုတာ ရှင်းပြခဲ့ပြီး ကစားသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာ ပါဝင်ဖို့ အခွင့်အရေးကောင်းတွေရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ယခုရာသီ ချဲလ်ဆီးမှာ အတောက်ပဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ပြီး အနောက်လန်ဒန်မှာ အကောင်းဆုံး ကစားသမားအဖြစ်ရပ်တည်ထားနိုင်တဲ့ ပယ်လ်မာဟာ ဘရာဇီးနဲ့ပွဲစဉ်ကို လွဲချော်ခဲ့သော်လည်း ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာတော့ ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ကစားသမားဟာ အသင်းရဲ့အရန်ကစားသမားစာရင်းမှာ ပါဝင်ခဲ့သော်လည်း လူစားလဲခွင့်မရခဲ့ဘဲ ဆောက်ဂိတ်ဟာ အရန်ခုံတန်းမှ အိုလီဝက်ကင်း၊ ဂျိမ်းစ်မက်ဒီဆင်နဲ့ အန်တိုနီဂေါ်ဒွန်တို့ကိုသာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော ဆောက်ဂိတ်က ပယ်လ်မာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး အစီအစဉ်တွေကို အဆက်မပြတ်ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ယခုပွဲမှာ မထည့်သွင်းခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး လက်ရှိအသင်းရဲ့တိုက်စစ်မှာ နေရာပြိုင်ဆိုင်မှုအတွက် ကစားသမားကောင်းတွေအများအပြားရှိနေသော်လည်း ပယ်မာအနေနဲ့ အခွင့်အရေး ရှိနေဆဲဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။

ဆောက်ဂိတ်က “ကျွန်တော်က အသင်းရဲ့လူစာရင်းကို ရွေးချယ်တဲ့အခါ နေရာတွေအများကြီးအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ကိုးလ်ပယ်လ်မာက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အများကြီးလွဲချော်သွားခဲ့ပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကစားဖို့ အဆင်သင့်မဖြစ်ပါဘူး။ သူတစ်ပတ်လုံးလုံး လွဲချော်ခဲ့တာပါ” “ကျွန်တော် ဂေါ်ဒွန်နဲ့ မက်ဒီဆင်တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဒါကပယ်မာအတွက် တရားမျှတမှုမရှိသလိုဖြစ်ပေမယ့် ကျွန်တော်တို့ကြားမှာတော့ ဒီအကြောင်းကို အားလုံးနားလည်ကြပါတယ်။ ဂေါ်ဒွန်ကလည်း သူ့ကလပ်မှာ အကောင်းဆုံး ကစားသမားပါပဲ။ ရက်ရှ်ဖို့ဒ်ကလည်း သူ့နေရာမှာ စပယ်ရှယ်လစ်ပါပဲ။ ပြီးတော့ ဘိုဝမ်နဲ့ မက်ဒီဆင်တို့လည်းရှိနေတော့ အသင်းမှာ နေရာပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆောက်ဂိတ်က အင်္ဂလန်ဟာ ဒဏ်ရာပြဿနာတွေကြောင့် သတ်မှတ်ထားတဲ့ ကစားသမားအရေအတွက် ၂၃ ဦးမှာ ၂၆ ဦးအထိ တိုးမြှင့်နိုင်တဲ့ နိုင်ငံတွေကမှ နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က “လာမယ့် ယူအီးအက်ဖ်အေ အစည်းအဝေးတွေမှာ နည်းပြအချင်းချင်း ဆွေးနွေးမှုတွေ တိုးလာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားရွေးချယ်မှုအပိုင်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာတော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ညှိနှိုင်းပြီး ရွေးချယ်မှုတွေပြုလုပ်နေရပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ၂၃ ယောက်ဆိုတဲ့ပမာဏက ခက်ခဲပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ပယ်လ်မာ #ဘယ်လ်ဂျီယံ