ရှေ့သို့
Image

စပိန်မြေဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးဘူးလို့ ဆိုလိုက်တဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်

12:56 PM, 28 March

လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်ဖြစ်သူက စပိန်မြေဆီ ပြောင်းရွှေ့လိုတဲ့ သူ့ရဲ့ဆန္ဒကို မစွန့်လွှတ်နိုင်သေးဘူးလို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးသလို ကလော့ပ်ရဲ့လက်အောက်မှာ အဓိက ကစားသမားဖြစ်နေသေးတဲ့ လီဗာပူးတိုက်စစ်မှူးဒီယက်ဇ်အတွက် အံ့အားသင့်စရာ အလှည့်အပြောင်းကြုံတွေ့ရဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အန်ဖီးလ်ကလပ်ဆီ ရောက်ရှိလာတဲ့ ဒီယက်ဇ်က မိုဆာလက်၊ ဂျိုတာတို့လိုပဲ လီဗာပူးအသင်း တိုက်စစ်တန်းမှာ နေရာရရှိဖို့ တိုက်ပွဲဝင်ခဲ့ရပါတယ်။

ဒီယက်ဇ်က မာဆေးဆိုဒ်ကလပ်နဲ့အတူ ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကစားသမားရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကတော့ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ ပါဝင်တဲ့ အပြောင်းအရွှေ့ဇာတ်လမ်းပျက်ပြယ်မှုကို တူးဆွရင်း လာလီဂါအရပ်ဆီ ပြောင်းရွှေ့လိုတဲ့ဆန္ဒကို အစဆွဲထုတ်လာခဲ့ပါတယ်။

Cadena Ser သတင်းဌာနနဲ့တွေ့ဆုံချိန် လီဗာပူးတိုက်စစ်မှူးရဲ့ဖခင်ဖြစ်သူ မာနေးဒီယက်ဇ်က “ ၂၀၂၂ ခုနှစ်လောက်က ရီးရဲလ်မက်ဒရစ်ရော၊ အက်သလက်တီကိုမက်ဒရစ်ပါ အပြောင်းအရွှေ့ကိစ္စကို လေးလေးနက်နက်မရှိခဲ့ပါဘူး။ လီဗာပူးကတော့ ဒီယက်ဇ်ကို ခေါ်ယူလိုတဲ့ဆန္ဒကို ခိုင်ခိုင်မာမာအုတ်မြတ်ချခဲ့ပြီး အမြဲတမ်းပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ အခုထိ မဆုံးရှုံးသေးပါဘူး။ ဒီယက်ဇ်ကလည်း အကောင်းဆုံးကစားနေပြီး စပိန်ကလပ်အသင်းတွေဘက်ကလည်း ဈေးကွက်ထဲမှာ အမြဲတမ်းလိုလို တက်တက်ကြွကြွရှိနေပါတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် တဖက်မှာလည်း အခုဘောလုံးရာသီ၊ အသင်းအတွက် ၃၉ ပွဲကစားကာ ၁၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ငါးကြိမ်စွမ်းဆောင်ထားနိုင်တဲ့ ဒီယက်ဇ်ကို ရောင်းချသွားဖို့ဆိုတဲ့ဖိအားမျိုး လီဗာပူးမှာ မရှိဘူးလို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ဒီယက်ဇ်က နိုင်ငံတကာသီတင်းပတ်အတွင်း ကိုလံဘီယာလက်ရွေးစင်တာဝန် ထမ်းဆောင်ဖို့ အဝေးဆီရောက်ရှိနေပြီး ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့် အခုသီတင်းပတ်ကုန်လိဂ်ပွဲစဉ်မတိုင်ခင် ကလပ်အသင်းဆီ ပြန်လည်ပူးပေါင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

သူက အခုနိုင်ငံတကာသီတင်းပတ်မှာ စပိန်ကို အနိုင်ကစားခဲ့တဲ့ ကိုလံဘီယာလက်ရွေးစင် အသင်းကို ဦးဆောင်ပေးခဲ့သလို ရိုမေးနီးယားကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာလည်း ပွဲချိန်တစ်နာရီကျော်ကြာ ကစားပေးခဲ့ပါတယ်။ ဒီယက်ဇ်က လီဗာပူး ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၈၆ ပွဲကစား၊ ၂၂ ဂိုးသွင်း၊ ၁၃ ကြိမ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

လတ်တလောကာရာဘောင်ဖလား ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်တဲ့ လီဗာပူးက ပရီးမီးယားလိဂ်ဆုဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတို့အတွက် အခုဘောလုံးရာသီကုန်အထိ ဆက်လက်တိုက်ပွဲဝင်သွားရပါမယ်။

#လီဗာပူး #ဒီယက်ဇ် #ပရီးမီးယားလိဂ်